Homeမြန်မာသတင်း
အင်းတော်တွင် စကားများရာမှ တူဖြစ်သူက တူမီးသေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးလေးဖြစ်သူ သေဆုံး
အင်းတော်တွင် စကားများရာမှ တူဖြစ်သူက တူမီးသေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးလေးဖြစ်သူ သေဆုံး
Aung Ko Latt
·
June 21, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မဲဇာအုပ်စု၊ လယ်ဇင်ကျေးရွာမှာ လယ်ထဲ ကျွဲဝင်တဲ့ကိစ္စနဲ့ စကားများပြီး တူဖြစ်သူက တူမီးသေနတ်နဲ့ပစ်ကာ ပေါက်ပြားရိုးနဲ့ ဦးခေါင်းကို ရိုက်ခဲ့တဲ့အတွက် ဦးလေးဖြစ်သူ သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။
သေဆုံးသူက အသက် ၄၇ နှစ်အရွယ် ဦးထွန်းဝေ ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားရာ ဇွန် ၁၉ ရက်နေ့ ညနေက လယ်ထဲမှာ လယ်ကန်သင်းတွေ ပြုပြင်နေစဉ် သူ့ရဲ့ လယ်ကွက်ထဲကို တူတော်စပ်သူ တရွာတည်းနေ ရန်နိုင်ထွန်း (၂၂-နှစ်) ရဲ့ ကျွဲ ၄ ကောင် ဝင်ရောက်လာတဲ့အတွက် စကားများခဲ့ကြတာပါ။
အဲဒီကနေ သေဆုံးသူက ပေါက်ပြား၊ တူရွင်းကိုင်ဆောင်ပြီး ရန်နိုင်ထွန်း ရှိရာကိုသွားချိန်မှာ ရန်နိုင်ထွန်းက တဲအတွင်းရှိ တူမီးသေနတ်ကို ယူဆောင်ပြီး ပစ်ခတ်ခဲ့တာအပြင် ဦးထွန်းဝေ ကိုင်ဆောင်လာတဲ့ ပေါက်ပြားရိုးနဲ့ပါ ဦးခေါင်းကို ထပ်မံရိုက်နှက်ခဲ့တာကြောင့် ဦးထွန်းဝေမှာ ဝဲဘက်ရင်ဘတ် ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပြီး သေဆုံးခဲ့တာလို့ အင်းတော်မြို့မရဲစခန်းသတင်းတွေအရ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အင်းတော်မြို့မရဲစခန်းက ရန်နိုင်ထွန်း (၂၂-နှစ်)ကို အမှုကြီးအမှတ်စဉ် ၁/၂၀၂၀၊ (ပ)၄၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။