အမေရိကန်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဒသမ ၂၉ သန်းကျော်ရှိလာ

884
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉အတည်ပြုလူနာစာရင်းက ဒီနေ့ညနေပိုင်းအထိ ၂ ဒဿမ ၂၉ သန်းကျော်၊ သေဆုံးသူ ၁ သိန်း ၂ သောင်းကျော်နဲ့ ကမ္ဘာမှာ ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း အများဆုံးနိုင်ငံဖြစ်ပါတယ်။
ဂျွန်ဟော့ပ်ကင်း တက္ကသိုလ် ထုတ်ပြန်ချက်အရ နယူးယောက်ပြည်နယ်ကတော့ အထိခိုက်ဆုံးဖြစ်ပြီး ဇွန် ၁၉ ရက်က အတည်ပြုလူနာဦးရေ ၃၈၆၅၅၆ ဦးနဲ့ သေဆုံးသူ ၃၁၀၁၅ ဦး ရှိတယ်လို့ သိရပါတယ်။
အတည်ပြုလူနာ ဦးရေ ၁ သိန်းကျော်စီရှိတဲ့ ပြည်နယ်တွေကတော့ နယူဂျာဆီ၊ ကယ်လီဖိုးနီးယား၊ အီလီနွိုက်စ်နဲ့ မက်ဆာချူးဆက် ပြည်နယ်တွေပဲ ဖြစ်တယ်လို့ သိရပါတယ်။
တိုင်းပြည်ဟာ အသွားအလာ ကန့်သတ်ချက် လော့ဒေါင်းကို အကျယ်အပြန့်ချစရာမလိုဘူးလို့ အမေရိကန်ပြည်သူ့ကျန်းမာရေးတာဝန်ခံ ဒေါက်တာ အန်ထိုနီ ဖေါ်စီက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဘရာဇီးနိုင်ငံကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ အယောက် ၁ သန်းကျော်၊ သေဆုံးသူ ၄ သောင်း ၉ ထောင်ကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။ ပညာရှင်အများအပြားကတော့ ဘရာဇီးမှာ အမှန်တကယ် ကူးစက်ခံဦးရေဟာ ညနေ ၆ နာရီ တိုင်းမှာ ထုတ်ပြန်တဲ့ တရားဝင် ကိန်းဂဏန်းတွေထက် အများကြီး ပိုများတယ်လို့ ဆိုပါတယ်။
တကယ် ကူးစက်ခံဦးရေဟာ ၃ သန်းထက်မနည်း ရှိပြီး ဆယ်သန်းလောက်အထိ ရှိနိုင်တယ်လို့ ကျန်းမာရေးတက္ကသိုလ် ပါမောက္ခ တယောက်က ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဆောင်ပါလိုမြို့နဲ့ ရီယိုဒီဂျနေရိုမြို့တွေကို ဥရောပကနေ ချမ်းသာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လာလည်ရာက ရောက်လာတာဖြစ်တယ်။ အဲဒီနောက် နိုင်ငံတလွှား စည်ပင်ဧရိယာ ၈၂ ရာခိုင်နှန်းထိ ကူးစက်ပျံ့နှံ့သွားခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန က သိရပါတယ်။
ကူးစက်ရောဂါ ထိန်းချုပ်ရေးကန့်သတ်ချက်တွေကို စောစော ဖြေလျှော့ပေးလို့ ကူးစက်နှုန်း အရှိန်မြင့်လာပြီး သေဆုံးမှု တိုးလာတဲ့ဘေးက ခြိမ်းခြောက်နေတယ်လို့ ပြည်သူ့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။
လောလောဆယ်မှာ ဘရာဇီး စီးပွားရေး ၄.၇ ရာခိုင်နှုန်း ကျဆင်းနေပြီး ၆ရာခိုင်နှုန်း ကျော်ထိ ကျဆင်းမယ်လို့ ဗဟိုဘဏ်က စီးပွားရေးပညာရှင်တွေကို ကောက်ယူတဲ့ စစ်တမ်းမှာ ဖော်ပြ ထားပါတယ်။