Homeမြန်မာသတင်း
တောင်ကြီးတွင် မြေတူးရာမှ နှစ်ပေါင်းများစွာက လူအရိုးစု ၂၀ နှင့် လက်နက်ပစ္စည်းများ တွေ့ရှိ
တောင်ကြီးတွင် မြေတူးရာမှ နှစ်ပေါင်းများစွာက လူအရိုးစု ၂၀ နှင့် လက်နက်ပစ္စည်းများ တွေ့ရှိ
DVB
·
June 20, 2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်လေကျေးရွာအုပ်စု၊ ဂနိုင်ဝိုင်းရွာရှိ သဲတောင်ထိပ်ပေါ်မှာ ရွာသားတွေဘုရားစေတီတည်ဖို့ မြေတူးဆွရာမှ လူအရိုးစု ၂၀ နဲ့ လက်နက်ပစ္စည်းတွေ တွေ့ရှိခဲ့ပါတယ်။
ရွာသားတွေက ရပ်ရွာဖွံ့ဖြိုးပြီး စည်ကားလာဖို့ ရွာရဲ့အရှေ့ဘက်တောင်ထိပ်မှာ ဇွန်လ ၃ ရက်နေ့က စေတီဘုရားတည် မြေတွေညှိဖို့ တူးဆွခဲ့တာပါ။
အဲဒီလိုတူးဆွရင်းနဲ့ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက လူရိုးစု နှစ်လောင်းကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး ဆက်လက်တူးရင်း ၁၀ ရက်ကျော်လာတဲ့အခါ ဒီနေ့အထိ လူရိုးစု အလောင်း ၂၀ ရှိလာပြီလို့ ဘုရားတည်ဖို့ ဦးဆောင်ပြုလုပ်သူ ဦးမဲက ပြောပါတယ်။
“ကျနော်တို့က ရပ်ရွာထွန်းကားပြီး အထမြောက်ဖို့ ဘုရားအရိပ်ခိုနားဖို့ ဘုရားတည်ချင်တာပါ။ တစ်ဦးတစ်ယောက် တည်ဖို့မဟုတ်ဘူး။ ရွာသားတွေစုပေါင်းပြီးတည်ဖို့ပေါ့။ ကျနော်တို့ သာသနာ့အလံ လာစိုက်တော့ အရိုးစု တွေ့လိုက်တာ၊ အစက နွားရဲ့အရိုးစုလို့ ထင်နေတာ။ တဖြည်းဖြည်းနဲ့ လူအရိုးစုတွေ ဖြစ်နေတယ်၊ တဦးစ နှစ်ဦးစ အရိုးမဟုတ်နေဘူး၊ အယောက် ၂၀ လောက်ရှိနေတော့ ဘာကြောင့်လဲဆိုတာမသိဘူး။”
လက်ရှိ တွေ့ရှိတာကတော့ လူတွေရဲ့ ဦးခေါင်း၊ သွား၊ ခြေ၊ လက် စတဲ့ အရိုးစုတွေနဲ့ လက်နက်ပစွည်းတွေဖြစ်တဲ့ သံရွင်း၊ ဓား၊ လှံ၊ ပေါက်ပြား စတဲ့အရာတွေ တွေ့ရှိခဲ့တာလို့ ဒေသခံ ခွန်ခေတ်စံက ပြောပါတယ်။
အဲတောင်ထိပ်မှာ ဂူသင်္ချိုင်းတွေ လုပ်ထားတာတွေ မရှိသလို ဘိုးဘွားလက်ထက်ကလည်း သမိုင်းပြောပြချက်တွေ မရှိဘူးလို့ အသက် ၇၀ အဘွားအိုတဦးက ပြောပါတယ်။
အဲဒီဒေသမှာ လွန်ခဲ့တဲ့ ဂျပန်လက်ထက်တုန်းက ရွာသားတွေ ဖက်ဆစ်ဂျပန်ကို ကြောက်လို့ ထွက်ပြေးတိမ်းရှောင်ဖူးတာရှိတယ်လို့ ဆိုပါတယ်။
လက်ရှိ တွေ့ရှိတဲ့ အရိုးစုကို ရွာသားတွေက စုပုံပြီး သေချာထိန်းသိမ်းသွားမယ်လို့ ဆိုပါတယ်။ အဲဒီနေရာဟာ တောင်ကြီး မြို့ရဲ့အရှေ့ဘက် ၇ မိုင်ဝန်းကျင်ရှိပြီး ဟိုပုံးနဲ့ တောင်ကြီးမြို့ နယ်စပ်နားမှာ တည်ရှိပါတယ်။
ခွန်ရာဇာ