ပင်လည်ဘူးမြို့နယ်တွင် ကျပ်သိန်း ၆,၆၀၀ ခန့် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
June 20, 2020
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်မှာ ငွေကျပ်သိန်း ၆,၅၉၀ တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ဇွန်လ ၁၈ ရက်နေ့ မနက်အစောပိုင်း ၀၀း၂၀ အချိန်က ပင်လည်ဘူးမြို့မရဲစခန်း တပ်ဖွဲ့ဝင်တွေဟာ ပင်လည်ဘူးမြို့နယ်၊ ကျော်ရွာကြီး-ဘာဟဲကျေးရွာသွားကားလမ်းမှာ လမ်းလျှောက်လာသူ စိုးထွေးကို စစ်ဆေးရှာဖွေရာ ဆာလာအိတ်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၁ ဒသမ ၁ ကီလို၊ ဓား ၁ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။
ကွင်းဆက်အရ ပင်လည်ဘူးမြို့နယ်၊ တောင်ဒွန်းကျေးရွာအုပ်စု၊ ကျော်ရွာကြီးကျေးရွာနေ နီတွတ်(ခ)ကျော်စိုးဦးရဲ့ နေအိမ်ကိုသွားရောက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းမှ ဆာလာအိတ်များနဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၅ ဒသမ ၄၉ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စိုးထွေး (၂၄-နှစ်)၊ နီတွတ်(ခ)ကျော်စိုးဦး (၂၅-နှစ်)တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။