အမေရိကန်သမ္မတလောင်း ဒုတိယနေရာ အရွေးခံရာမှ လွှတ်တော်အမတ် ကလိုဘူချာ နုတ်ထွက်

1.6K
အမေရိကန် သမ္မတလောင်းနဲ့ တွဲပြီး ဒုတိယနေရာ အရွေးခံမယ့်သူဟာ လူဖြူအမျိုးသမီး မဟုတ်သူ ဖြစ်သင့်တယ်လို့ အထက်လွှတ်တော်အမတ် အေမီကလိုဘူချာက ပြောဆိုပြီး ဒုတိယနေရာ အရွေးခံရာကနေ ဇွန် ၁၈ ရက်မှာ နုတ်ထွက်လိုက်ပါတယ်။
MSNBC နဲ့လုပ်တဲ့ ရုပ်သံအင်တာဗျူးမှာ ကလိုဘူချာက လူဖြူမဟုတ်တဲ့ အမျိုးသမီး တစ်ယောက်ကို ရွေးချယ်ဖို့ အချိန်တန်ပြီး အင်မတန်အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ အများကြီး ရှိတယ်လို့ ပြောပါတယ်။
နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင်ဟာ လူမည်းအမျိုးသမီးတစ်ယောက်ကို ဒုတိယနေရာအတွက် ရွေးချယ်ဖို့ ဖိအားပေးခံနေရပါတယ်။
လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် သေဆုံးရာ မင်နီဆိုးတာပြည်နယ်ရဲ့ အထက်လွှတ်တော် အမတ် ကလိုဘူချာရဲ့ မှတ်တမ်းကိုလည်း သေချာစိစစ်နေပါတယ်။
ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်နဲ့အတူ ဒုတိယနေရာ အရွေးခံမယ့် လူမည်းအမျိုးသမီး ကိုယ်စားလှယ်တွေထဲမှာ အထက်လွှတ်တော်အမတ် ကမ်မလာဟဲရစ်နဲ့ အောက်လွှတ်တော်အမတ် ဗယ်ဒမ်မင်းစ်တို့ ပါဝင်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။