ဓာတ်ခွဲနမူနာ ၂၁၅၁ ခုတွင် ကိုဗစ်-၁၉ လူနာသစ် မတွေ့၊ ပိုးကင်းစင်သူ ၁၉၂ ဦးရှိ

ဇွန် ၁၉ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂၁၅၁ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် မတွေ့ရှိဘဲ နှစ်ကြိမ်ဆက် ပိုးမတွေ့သူ ၅ ယောက်ရှိတာကြောင့် ရောဂါပိုးကင်းစင်လာသူ  ၁၉၂ ယောက်ရှိပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၃၃၀ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၆၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၃၇၅ ခု၊ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး၊ ခုတင် (၁၀၀၀) က ၂၈၂ ခု၊ စုစုပေါင်းဓာတ်ခွဲနမူနာ ၂,၁၅၂ ခုအား စစ်ဆေးခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၈၆ ယောက်၊ သေဆုံးသူ ၆ ယောက်၊  ဓာတ်ခွဲအတည်ပြု လူနာဟောင်း အမှတ် ၁၀၁, ၁၉၀, ၂၀၉,၂၁၃ နဲ့ ၂၂၃ တို့ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိတာကြောင့် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၉၂ ယောက်ရှိပါတယ်။ အဲဒီထဲက ၁၇၇ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ်စောင့်ကြပ်ကြည့်နေတယ်လို့ ဆိုပါတယ်။ ဇွန် ၁၈ ရက်နေ့ မွန်းတည့်ကနေ ဇွန် ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရတဲ့ စောင့်ကြည့်လူနာအသစ် ၃၃ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၆ သောင်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄ ဒသမ ၆ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up