Live
Home
မြန်မာသတင်း
ထီးချိုင့်မြို့တွင် စောင့်ကြည့်လူနာ  လူငယ် ၁ ဦးသေဆုံး 
Aung Ko Latt
·
June 19, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့ ကုတင် ၅၀ ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေကြောင့် ဆေးကုသမှုခံယူနေတဲ့ လူငယ်တစ်ဦး ဇွန်လ ၁၉ ရက် မနက်ပိုင်းက သေဆုံးသွားပါတယ်။ သေဆုံးသူဟာ ခရီးသွားရာဇဝင်မရှိသလို ရောဂါပိုးတွေ့ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံဖူးတာလည်း မရှိဘူးလို့ သိရပါတယ်။ ထီးချိုင့်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသိန်းဟန်က “သေဆုံးသူရဲ့ ရွာမှာတော့ ပြည်ပက ပြန်လာသူ သိပ်မရှိဘူး။ ကိုဗစ်လက္ခဏာတွေပြလို့ ညောင်ပင်သာတိုက်နယ်ဆေးရုံ၊ အဲဒီကနေ ထီးချိုင့်ဆေးရုံ၊ အဲဒီကနေ ကုတင် ၅၀ ဆေးရုံသစ်ကို ပြောင်းပြီး စောင့်ကြည့်ကုသနေတာပေါ့။ ဒါကနေ့ ဒီမနက် သေဆုံးသွားတာပေါ့။ သူ့ရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ်ယူပြီးတော့ ဓာတ်ခွဲစစ်ဆေးဖို့ ပို့ထားတယ်။ အဖြေတော့ မရသေးဘူး။ လောလောဆယ်တော့ အလောင်းကိုတော့ မီးသင်္ဂြိုလ်စက်နဲ့ သင်္ဂြိုလ်ပြီးသွားပြီ။ အဖြေမသိရသေးတော့ မြို့နယ်တွင်း သွားလာတဲ့ နေရာမှာ Mask တပ်ဖို့၊ လက်ဆေးဖို့ ကိစ္စတွေကိုတော့ မြို့နယ်ကိုဗစ်ကော်မတီကနေ အရင်ကထက် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။”လို့ ပြောပါတယ်။ သေဆုံးသူက ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ကျီးကန်းဒေါင့်ရွာက အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးဖြစ်ပါတယ်။ မသေဆုံးခင်က အပူချိန် ၁၀၃ ဒီဂရီထိ ရှိခဲ့ပြီး အသက်ရှုကြပ်ကာ အနည်းငယ်ချောင်းဆိုးလက္ခဏာတွေလည်းရှိတဲ့အတွက် ဇွန်လ ၁၆ ရက်က ညောင်ပင်သာ တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့တာပါ။  အဲဒီကနေ မသက်သာတဲ့အတွက် ထီးချိုင့်မြို့ ဆေးရုံ၊ အဲဒီကနေ ကုတင် ၅၀ ဆံ့ဆေးရုံသစ်မှာ သီးသန့်စောင့်ကြပ်ကြည့်ရှုပြီး မန္တလေးဓာတ်ခွဲခန်းကို ဓာတ်ခွဲနမူနာ ပို့ဆောင်ထားဆဲမှာ သေဆုံးသွားတာဖြစ်ပါတယ်။ ထီးချိုင့်မြို့နယ်မှာ Quarantine ဌာန ၁၀ ခု ကျော်ရှိနေပါသေးတယ်။ အဓိကကတော့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ပြန်လာသူတွေကို သီးသန့် ၂၁ ရက်ထားရှိနေတာပါ။ ထီးချိုင့်မြို့နယ်မှာ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကို မပေါ့ဆကြဖို့ ထပ်မံအသိပေးနေပြီး ကောလာဟလသတင်းတွေ မယုံကြည်ကြဖို့နဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာနေထိုင် ဆောင်ရွက်ကြဖို့ လှုံ့ဆော်နေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024