Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ (၇၅) နှစ်မြောက်မွေးနေ့အမှတ်တရ ဓာတ်ပုံပေါင်း ၇၅၀၀ ဖြင့် 3D ရုပ်ပုံကားချပ်ဖန်တီး
DVB
·
June 19, 2020
ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၇၅) နှစ်မြောက်စိန်ရတုမွေးနေ့ အမှတ်တရ လူပေါင်း  ၇၅၀၀ ရဲ့ မွေးနေ့ဆုတောင်း ဓာတ်ပုံတွေနဲ့ ပုံဖော်ထားတဲ့ 3D ရုပ်ပုံကားချပ်ကို  http://amaysu.org   ဝက်ဘ်ဆိုက်မှာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၇၄ နှစ်ပြည့် မွေးနေ့မှာ လူပေါင်း ၇၄၀ ယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကြီးတစ်ပုံကို စုပေါင်းပုံဖော်ခဲ့ကြပေမဲ့ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေးနဲ့ ဆောင်ရွက်လို့ မရနိုင်တဲ့အတွက် မွေးနေ့ဆုတောင်းတွေ ရေးသားထားတဲ့ စာရွက်ကို ကိုင်ဆောင်ပြီး ရိုက်ထားတဲ့ လူပေါင်း၇၅၀၀ ရဲ့ ဓာတ်ပုံတွေနဲ့ ဖန်တီးခဲ့တာပါ။ ဒီအစီအစဉ်ကိုလုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ထင်ရှားတဲ့ စီစဉ်တင်ဆက်သူ ကိုမောင်မောင်အေးက “ ကမ္ဘာအနှံ့က အမေ့သား သမီး ၇၅၀၀ ရဲ့ ဆုတောင်းမေတ္တာစာသားတွေနဲ့ပုံပေါင်း ၇၅၀၀ စုထားပြီး အမေဒေါ်အောင်ဆန်းစုကြည် ပုံဖော်ထားတဲ့ ၇၅ နှစ်ပြည့် စိန်ရတုမွေးနေ့အမှတ်တရ ရုပ်ပုံကားချပ်လေးမှာ ကိုယ့်ပုံက ဘယ်နေရာမှာပါသလဲဆိုတာ ရှာဖွေကြည့်ရှုနိုင်တယ်”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သတင်းစကားပါးထားပါတယ်။    အဆိုပါ 3D ဓာတ်ပုံကို နေ့မအိပ် ညမအိပ် အပင်ပန်းခံကာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖန်တီးပေးတဲ့ ကိုညီလင်းဆက် Nyi Lynn Seck ကို လေးစားစွာကျေးဇူးမှတ်တမ်းတင်ရပါတယ်လို့လည်း  ကိုမောင်မောင်အေးက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဓာတ်ပုံတွေကို  OurLeader75 ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဖိတ်ခေါ်ခဲ့ရာမှာ  အမျိုးသမီး၊ အမျိုးသား၊ ကလေးသူငယ်တွေ အပါအဝင် လူထုလူတန်းစားပေါင်းစုံက ပေးပို့ခဲ့ကြတာဖြစ်ပါတယ်။  မွေးနေ့ဆုတောင်း ဓာတ်ပုံပေးပို့ရာမှာ ပါဝင်သူခဲ့တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်က “ အမေစုရဲ့ ဓာတ်ပုံ ဟော့ဒီကားချပ်ကြီးထဲမှာ ကျွန်မဓါတ်ပုံ  ပါတယ်ဆိုတဲ့အသိက ကြည်နူးပီတိဖြစ်ရပါတယ်။ ဘယ်သူပါတယ်ဆိုတာ တစ်ပုံခြင်းထောက်ပြလို့မရပေမဲ့ အားလုံးရဲ့ပေါင်းစည်း ညီညွတ်မှု၊ ရင်ဘတ်ခြင်းတူညီမှုတို့ဟာ အနာဂါတ်မြန်မာပြည်အတွက် လှပတဲ့အတွေးကိုပေးစေပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၅)နှစ်ပြည့် စိန်ရတုမွေးနေ့ အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းပွဲတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးတွေမှာ ပြုလုပ်ခဲ့သလို နေပြည်တော်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာလည်း အိမ်သူအိမ်သားတွေနဲ့အတူ မွေးနေ့ပွဲလေးပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မှာတော့ နေအိမ်တိုက်ခန်းတချို့မှာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့အထိမ်းအမှတ် ရုပ်ပုံကားချပ်တွေချိတ်ဆွဲထားတာရှိသလို  YBS 75 ဘတ်စ်ကားတွေ အခမဲ့ပြေးဆွဲပေးနေတာလည်း ရှိပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024