Homeမြန်မာသတင်း
ရွှေလမင်းထမင်းဆိုင် ရိုက်နှက်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲ ၇ ဦးကို အရေးယူမည်ဟု မကွေးရဲမှူး ပြော
ရွှေလမင်းထမင်းဆိုင် ရိုက်နှက်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲ ၇ ဦးကို အရေးယူမည်ဟု မကွေးရဲမှူး ပြော
DVB
·
June 19, 2020
မကွေးမြို့ ရွှေလမင်းထမင်းဆိုင်မှာ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဇွန် ၁၈ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို အရေးယူသွားမယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
ရွှေလမင်းထမင်းဆိုင်နားမှာ သမီးယောက်ဖချင်း ဓားတွေ၊ တုတ်တွေကိုင် ခိုက်ရန်ဖြစ်ကြစဉ် ဓားကိုင်သူအား လှည့်ကင်းလှည့်နေတဲ့ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးဖို့ ကြိုးစားရင်း ဖြစ်ပွားခဲ့တာလို့ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က ပြောပါတယ်။
“ဆဲဆို ဓားကိုင်တဲ့သူကို အရေးယူဖို့ ကြိုစားတဲ့အချိန်မှာ တပ်ဖွဲ့ဝင်တဦးက ဖုန်သုတ်တဲ့ကြက်မွှေးနဲ့ တားမြှစ်ရိုက်နှက်မိတာပါ။ သေနတ်ကိုင်တယ်ဆိုတာက ဒုရဲအုပ်သန်းထိုက်အောင် ကားနဲ့ရောက်လာပြီး တပ်ဖွဲ့ဝင်တွေကို လက်ဟန်ခြေဟန်နဲ့ပြောတဲ့ဟာကို ချိန်တယ်လို့ စွပ်စွဲခံရတာပါ။ အဲဒီလို ဓားကိုင်တဲ့သူကို ဖမ်းဆီးဖို့ ကြိုးစားတဲ့အချိန်မှာ နယ်ထိန်းတပ်ဖွဲ့ဝင်တွေနဲ့ ရင်းနှီးတဲ့ ဒေါ်နွယ်နွယ်ဆိုတဲ့ အမျိုးသမီးရောက်လာပြီး သူ့ဆွေမျိုးတွေ သူထိန်းနိုင်တယ်လို့ပြောလို့ ရဲတပ်ဖွဲ့ဝင်တွေက မဖမ်းဆီးခဲ့ပါဘူး။ ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကို အထက်အရာရှိကို သတင်းမပို့တာရယ်၊ ရဲလုပ်ငန်းပြီးမြောက်အောင် မလုပ်တာတွေကြောင့် သက်ချုပ်ရေးမှတ်ပြီး ရဲစည်းကမ်းထိမ်းသိမ်းရေးဥပဒေအရ အရေးယူသွားမှာပါ။"
ရွှေလမင်းထမင်းဆိုင်ပိုင်ရှင် ဒေါ်နွယ်နွယ်ဖြိုးက "မောင်ဖြစ်တဲ့သူက လမ်းတဖက်မှာရှိတဲ့ မင်းဘူးက သူငယ်ချင်းတွေကို စနောက်တဲ့အချိန်မှာ အရပ်ဝတ်နဲ့သူတွေက ဝင်ရောက်ရိုက်နှက်ခဲ့တာပါ။ ရဲခေါ်ဖို့ပြောတဲ့အချိန်မှာ သူတို့က ရဲတွေပဲလို ပြောပြီး ဆက်ရိုက်ပါတယ်။ ခဏနေတော့ ရဲကားတစီးရောက်လာပြီး ရဲအရာရှိတဦးက သေနတ်နဲ့ချိန်ပြီး သတ်ပစ်လို့ရတယ်လို့ ကြိမ်းဝါးတဲ့အတွက် ကျည်ထွက်မှာကြောက်လို့ တောင်းပန်ခဲ့ရပါတယ်။ လက်ရှိဖြစ်တဲ့နေရာက အမှတ် ၂ ရဲစခန်းအပိုင်ဖြစ်ပြီး အမှတ် ၁ မြို့မရဲစခန်းက ရဲတွေက ဝင်ရိုက်ခဲ့တာပါ" လို့ လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲ၊ ရဲတပ်ဖွဲ့အကြီးအကဲတွေနဲ့ တိုင်းအစိုးရအဖွဲ့ကို CCTV မှတ်တမ်းနဲ့တကွ တိုင်ကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။
မင်းထီး