ချမ်းအေးသာစံတွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၉ ဦးကို ထောင်ဒဏ် ၁ လစီချမှတ်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ညမထွက်ရအမိန့် မလိုက်နာသူ ၁၉ ဦးကို ချမ်းအေးသာစံတရားရုံးကနေ ဇွန် ၁၇ ရက်နေ့မှာ ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေဖို့အတွက် တိုင်းအစိုးရက ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာပါ။ ဇွန် ၁၇ ရက်နေ့ ညပိုင်းက ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့နဲ့ ချမ်းအေးသာစံမြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့ဟာ မြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်နေချိန် တွေ့ရှိခဲ့သူ ၁၉ ဦးကို ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။ ညမထွက်ရအမိန့် ချိုးဖောက်သူတွေကို လမ်း ၃၀-၇၃ လမ်းနဲ့ ၇၄ လမ်းကြားမှာ ၈ ဦး၊ လမ်း ၃၀-၆၈ လမ်းနဲ့ ၇၀ လမ်းကြားမှာ ၅ ဦး၊ ၃၃ လမ်း နဲ့ ၃၄ လမ်းကြား မြို့ပတ်လမ်းမှာ ၂ ဦး၊ ၉၀ လမ်း၊ လမ်း ၃၀ နဲ့ ၃၁ လမ်းကြားမှာ ၂ ဦး၊ လမ်း ၃၀ နဲ့ လမ်း ၇၀-၇၁ လမ်းကြားမှာ ၂ ဦးကို တွေ့ရှိခဲ့ပြီး ချမ်းအေးသာစံမြို့နယ်အုပ်ချုပ်‌ရေးမှူးက တရားလိုပြုလုပ်ခဲ့ကာ ရာဇသတ်ကြီးဥပဒေပုဒမ ၁၈၈ အရ ချမ်းအေးသာစံ တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၁၉ ဦးအပြင် အစိုးရဝန်ထမ်းတဦးပါ ညမထွက်ရအမိန့် ချိုးဖောက်ခဲ့တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကို ဝန်ထမ်းစည်းကမ်းအရ အရေးယူနိုင်ဖို့ တင်ပြထားတယ်လို့လည်း သိရပါတယ်။ ထိန်ထိန်လင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up