ညမထွက်ရအမိန့် မလိုက်နာသူ ၄ သောင်းကျော် အရေးယူခဲ့ဟု ထိုင်းဒု-ရဲမှူးချုပ်ပြော

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု  ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ ထိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ ညမထွက်ရကာဖျူးအမိန့် မလိုက်နာသူ ၄ သောင်းကျော်ကို အရေးယူခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရ  ဒုရဲမှူးချုပ် ပီယ ဥထာယိုက ဒီကနေ့မနက် ကာဖျူးအခြေအနေပြန်လည်သုံးသပ်ခြင်းအစည်းအဝေးမှာ ပြောပါတယ်။  ကာဖျူးထုတ်ပြန်ခဲ့တဲ့ကာလ ၂၀၂၀  ဧပြီလ ၃ ရက်နေ့ကစ ဇွန်လ ၁၄ ရက်နေ့ထိ ရက်ပေါင်း ၇၂ ရက် အတောအတွင်း ထုတ်ပြန်တားမြစ်ချက်ကို မလိုက်နာသူပေါင်း ၄၁၉၄၁ ဦးရှိပြိး ပျှမ်းမျှ တစ်နေ့ကို ၅၈၂ ဦးရှိတယ်လို့  ဒုရဲမှူးချုပ်က ပြောပါတယ်။  အဲဒီထဲက အရေးကြီးတဲ့အကြောင်းကိစ္စမရှိဘဲ ညအချိန်လမ်းပေါ်ထွက်လာသူပေါင်း ၃၇၃၅၈ ဦးရှိပြီး ၃၂၅၃၉ ကို အရေးယူအပြစ်ပေးကာ ၄၈၁၉ ဦးကိုတော့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။  ကျန်တဲ့ ၄၅၈၃ ဦးမှာ လူစုလူဝေး ဝိုင်းဖွဲ့ခဲ့ကြောင်း၊ သူတို့ထဲမှာ ဝိုင်းဖွဲ့သောက်စားပျော်ပါးတာ၊ အရက်သောက်တာ၊ ဖဲရိုက်တာနဲ့ မူးယစ်ဆေးသုံးတာတွေ ပါဝင်ပြီး ၄၄၇၄ ဦးကို အရေးယူအပြစ်ပေးကာ ၁၀၉ ဦးကို သတိပေးခဲ့တယ်လို့ ပြောပါတယ်။  ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုလျော့ပါးလာလို့ ဇွန်လ ၁၅ ရက်နေ့ကစပြီး ညမ ထွက်ရကာဖျူးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့ပေမဲ့ ကိုဗစ်-၁၉ ကာလအရေးပေါ်အခြေ အနေထုတ်ပြန်ချက်မ မရုပ်သိမ်းသေးသလို မလိုလားအပ်တဲ့ ဒုစရိုက်မှုတွေ ကာကွယ်တဲ့အနေနဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကိုဗစ်-၁၉ ကာလ အထူးတာဝန်ဝတ္တရားတွေကို ဆက်လက်ထမ်းဆောင်သွားမယ်လို့  ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရက သတင်းထောက်တွေကို ပြောသွားပါတယ်။  ထိုင်းနိုင်ငံမှာ ဒီနေ့ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁၄၁ ဦး၊ သေဆုံးသူ ၅၈ ဦး၊ ရောဂါသက်သာလာသူ ၂၉၉၇ ဦးရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up