မူးယစ်ဂိုဏ်း၏တိုက်ခိုက်မှုကြောင့် ကိုလံဘီယာစစ်သည် ၆ ဦး သေဆုံး
ကိုလံဘီယာနိုင်ငံ တောတွင်းဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရတပ်ဖွဲ့တစ်ဖွဲ့ကို မူးယစ်ဂိုဏ်းက တိုက်ခိုက်ခဲ့လို့ စစ်သား ၆ ယောက်ထက်မနည်း သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ကာကယ်တာမြို့ရဲ့ ဆမ်ဟွမ်းဒယ်လိုဟာဒါ ကျေးလက်ဒေသအနီးမှာ ချုံခိုတိုက်ခိုက်ခံရ တာဖြစ်ပြီး အဲဒီတပ်ဖွဲ့ဟာ မူးယစ်မှောင်ခိုတွေကို ထိုးစစ်ဆင်နွှဲနေတာဖြစ်ပါတယ်။
ကျဆုံးစစ်သည်တွေကို သူရဲကောင်းတွေအဖြစ် သမ္မတ အီဗန်ဒူကေးက ပြောဆိုလိုက်ပြီး မူးယစ်ဂိုဏ်းတွေကို ဥပဒေရှေ့မှောက် အရောက်ပို့ဖို့ စစ်တပ်အင်အားကို အစွမ်းကုန် သုံးသွားမယ်လို့ လည်း သမ္မတက ကတိပြု ပြောပါတယ်။
ဒီတိုက်ခိုက်မှု ကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့လည်း ရိုက်တာက ရေးပါတယ်။