Home
မြန်မာသတင်း
အိန္ဒိယပြန် ၁၀၀ ကျော်ကို တမူး​မြို့လယ်ခန်းမ၌ ထားမည့်အစီအစဉ် မြို့ခံများ ကန့်ကွက် 
DVB
·
June 18, 2020
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ အိန္ဒိယနိုင်ငံကနေ ပြန်လာမယ့်သူ ၁၀၀ ကျော်ကို မြို့အလယ်မှာရှိတဲ့ စက်ရောင်ဘီလူးခန်းမကြီးမှာ စုပြီးထားဖို့ သက်ဆိုင်ရာက စီစဉ်နေတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက လက်မခံဘဲ ကန့်ကွက်နေကြပါတယ်။ ဒီလိုထားရှိမှာကို တမူးဒေသခံတွေက မလိုလားမှုတွေ၊ စိုးရိမ်မှုတွေရှိနေတာကြောင့် တခြားနေရာမှာပြောင်းထားဖို့  စီစဉ်နေတယ်လို့  တမူးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။ “ပြည်ပပြန်တွေ လာမယ့်နေ့တော့ အတိအကျ မသိရသေးဘူး။ သူတို့အနေနဲ့ ရက်ကန်း လုပ်သားတွေ ရှိတယ်။ တရားဝင်ဗီဇာနဲ့ ဆေးကုသွားတဲ့လူတွေ ပါတယ်။ ဆေးကုတဲ့လူကလည်း ကုသပြီး ပြန်ခဲ့ချင်တယ်။ ရက်ကန်းသမားတွေကလည်း ကိုဗစ်နဲ့ အလုပ်တွေနားရတော့ အဆင်မပြေတော့တာနဲ့ ပြန်လာကြမယ်။ သူတို့ကို အရင်က မြို့လယ်က စက်ရောင်ဘီလူးခန်းမမှာ ထားဖို့ပဲ။ ခုတော့နေရာ ပြောင်းထားဖို့ စီစဉ်နေပြီ ။ ဒေသခံတွေဆန္ဒအရပေါ့။” အိန္ဒိယက ပြန်လာမယ့်သူ ၁၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်က ဖြစ်ပြီး ရက်ကန်းသမား ၈၇ ဦးနဲ့ တရားဝင်သွားတာ ၁၉ ဦး ရှိတယ်လို့ သိရပါတယ်။ ကိုဗစ်အရေးမှာ ကူညီဆောင်ရွက်နေတဲ့ တမူးဒေသခံ ကိုအောင်သူချမ်းက “နေရာထိုင်ခင်းကလည်း အဆင်သင့်မရှိဘူး။ ဒေသပေါင်းစုံကလူတွေ တမူးမှာ Quarantine ထားမှာ လက်မခံချင်တာ။ ကိုယ့်ဒေသမှာပဲ ထားသင့်တယ်။ ထားမယ်ဆိုလည်း အဆင်ပြေတဲ့ နေရာတွေကို ဒေသခံပြည်သူတွေလည်း ကျေနပ်အောင်၊ Quarantine ဝင်မယ့်သူတွေလည်း အဆင်ပြေအောင် ထားသင့်တယ်”လို့ ပြောပါတယ်။ တမူးမြို့ စက်ရောင်ဘီလူးခန်းမတစ်ခုတည်းမှာ လူပေါင်း ၁၀၀ ကျော်ထားရှိဖို့ ခန်းမအနေအထားကျဉ်းတဲ့အပြင် မြို့လယ်မှာဖြစ်လို့ လူသူနီးပြီး ရောဂါကူးစက်မှာ စိုးရိမ်တာကြောင့် ဒေသခံတွေက မလိုလားတာကြတာလည်း ဖြစ်ပါတယ်။ ဇွန် ၁၂ ရက်က တမူးမြို့ ခရိုင်ထွေအုပ်ရုံးခန်းမမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ခုလို ပြည်ပပြန်တွေကို စက်ရောင်ဘီလူးခန်းမမှာ Facility Quarantine ၂၁ ရက်ထားဖို့ တမူးဒေသ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ခရိုင်ကျန်းမာရေးက တင်ပြခဲ့တာဖြစ်ပါတယ်။ Quarantine ဝင်သူတွေအတွက် စားစရိတ်ကိုတော့ တိုင်းအစိုးရက တာဝန်ယူသွားမယ်လို့ သိရပြီးအခု အိန္ဒိယပြန်တွေကိုတော့ အရင်က ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံက ပြန်လာသူတွေကို Quarantine ထားတဲ့ တမူးမြို့အဝင်နားက BRTF အိန္ဒိယစခန်းမှာ ထားရှိသွားမယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024