Homeမြန်မာသတင်း
ပြစ်ဒဏ်ကလွတ်မြောက်လာသူများကို လွှဲပြောင်းရေး မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ ထပ်မံညှိနှိုင်း
ပြစ်ဒဏ်ကလွတ်မြောက်လာသူများကို လွှဲပြောင်းရေး မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ ထပ်မံညှိနှိုင်း
DVB
·
June 18, 2020
ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ရက်စေ့ပြီး ပြန်လွတ်လာသူတွေကို စိစစ်လွှဲပြောင်းပေးဖို့ နှစ်နိုင်ငံ သဘောတူညီထားပေမယ့်ရွှေ့ပြောင်းလုပ်သားတွေနဲ့အတူ ပြန်လည်စေလွှတ်မှုတွေ ရှိနေတယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။
ထိုင်းနိုင်ငံ Immigration Detention Center (IDC) ကနေ ပြန်လည်လွတ်မြောက်လာသူတွေကို သီးခြားကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ဖို့နဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေဖို့ လ.ဝ.က၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနဲ့သက်ဆိုင်ရာဌာနတွေက ထိုင်း BCF ဇုန်မှာ ဇွန်လ ၁၆ ရက်က ထပ်မံဆွေးနွေးခဲ့ပါတယ်။
မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က “IDC တွေကို စိစစ်လက်ခံမယ်ဆိုတာကို အကြောင်းပြန်ပြီးသားဖြစ်တယ်။သို့သော်လည်းပဲ စိစစ်လက်ခံတာမျိုး နှစ်နိုင်ငံ လွှဲပေးတာမျိုး မလုပ်ဘဲနဲ့ ဒီထဲမှာ ရောပြီးပါလာတာကို တွေ့ရတယ်”လို့ ပြောပါတယ်။
ပြည်ပနိုင်ငံတွေကနေ ပြန်လည်ဝင်ရောက်လာသူတွေဆီကနေ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိနေတဲ့အတွက် ကျန်းမာရေးစစ်ဆေးမှုတွေကို Quarantine ဝင်ရောက်ပြီး ၅ ရက်မြောက်မှာ ထပ်မံစစ်ဆေးသွားမယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။
မြဝတီမြို့ အမှတ်-၂ ချစ်ကြည်ရေးတံတားကနေ မေလ ၂၃ ရက်ကစတင်ပြီး ဒီကနေ့အထိ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ရက်စေ့ လွတ်မြောက်လာသူ ၆၀၀ ကျော်ရှိပြီး ထပ်မံဝင်ရောက်ဖို့ ကျန်ရှိနေပါသေးတယ်။
ရဲမင်းခေါင်