အိန္ဒိယအနေဖြင့် မည်သည့်ရန်စမှုကိုမဆို တုံ့ပြန်မည်ဟု ဝန်ကြီးချုပ် မိုဒီပြော

အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံနဲ့  ငြိမ်းချမ်းရေး ရလိုပေမယ့် ဘယ်ရန်စမှုမျိုးကိုမဆို တုံ့ပြန်သွားမယ်လို့ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ဇွန်  ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။  ဇွန် ၁၅ ရက်က အိန္ဒိယ-တရုတ်နယ်စပ် ဂေါ်ဝန်တောင်ကြားမှာ ဖြစ်ခဲ့တဲ့ နှစ်ဘက် စစ်သားတွေရဲ့  ရန်ပွဲအတွင်း အိန္ဒိယစစ်သား အယောက်  ၂၀  သေဆုံးခဲ့ပြီးနောက် ဝန်ကြီးချုပ် မိုဒီက အခုလို ပြောဆိုလိုက်တာပါ။   တရုတ်စစ်သားတွေနဲ့ဖြစ်တဲ့ ရန်ပွဲအတွင်း အိန္ဒိယစစ်သားတွေဟာ သံရိုက်ထားတဲ့တုတ်တွေ၊ ကျောက်ခဲတွေနဲ့  ရိုက်နှက် ပစ်ပေါက်ခံရတယ်လို့  အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။   နှစ်နိုင်ငံအကြား တင်းမာမှု လျော့ကျရေး နည်းလမ်းတွေကို ဆွေးနွေးတဲ့ ဇွန် ၁၅ ရက်ည  အစည်းအဝေးအတွင်း ရန်ပွဲဖြစ်ခဲ့ပြီး အိန္ဒိယဘက်ခြမ်းက တပ်မှူး  ဗိုလ်မှူးကြီးတစ်ဦးဟာ ပထမဆုံး ရိုက်သတ်ခံရတယ်လို့  အိန္ဒိယအစိုးရသတင်းရင်းမြစ်တွေက ဆိုပါတယ်။  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျိုးကျိလင်းကတော့ အိန္ဒိယစစ်သားတွေ ဟာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်လာခဲ့ပြီး တရုတ်စစ်သားတွေကို ရန်စ တိုက်ခိုက်ခဲ့တာ ကြောင့်  နှစ်ဖက်ပြင်းထန်တဲ့ ပဋိပက္ခဖြစ်ခဲ့ပြီး  သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။   ကျိုးကျိလင်းက  တရုတ်စစ်သား ဒဏ်ရာရ၊ သေဆုံး အရေအတွက်ကို မသိဘူးလို့ ပြောဆိုပေမယ့်  အိန္ဒိယမီဒီယာကတော့  တရုတ်ဘက်မှာ ၄၅ ယောက်ထက်မနည်း သေဆုံးဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up