Home
မြန်မာသတင်း
၈၈ မျိုးဆက်များ ရွေးကောက်ပွဲဝင်ပြိုင်ကြရန် ပြည်သူ့ပါတီ တိုက်တွန်း 
ပိုင်စိုး
·
June 17, 2020
၈၈ မျိုးဆက်တွေအနေနဲ့ ရည်ရွယ်ချက်တွေကို ဆက်ပြီး အကောင်အထည်ဖော်ဖို့အတွက် လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့  ဦးကိုကိုကြီး ခေါင်းဆောင်တဲ့ ပြည်သူ့ပါတီက တိုက်တွန်းလိုက်ပါတယ်။ လက်ရှိနိုင်ငံတော်ရဲ့ နိုင်ငံရေးလမ်းကြောင်းက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ရှိပေမယ့် လွှတ်တော် နိုင်ငံရေးက ပင်မနိုင်ငံရေး ဖြစ်နေတာကြောင့် ၈၈ မျိုးဆက်တွေရဲ့ ရည်ရွယ်ချက်တွေ ဆက်ပြီး အကောင်အထည်ဖော်ဖို့၊ ၈၈ မျိုးဆက်တွေရဲ့ နိုင်ငံရေးသမိုင်း မပျောက်စေဖို့အတွက် လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြဖို့  ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။ လာမယ့် ၂၀၂၀  နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ  ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ၈၈ မျိုးဆက်တွေကိုလတတ်နိုင်သလောက် အကူအညီတွေ ပေးသွားမယ်လို့ လည်း ပြည်သူ့ပါတီကဆိုပါတယ်။ တစ်ပါတီအာဏာရှင် စနစ်ကို ဆန့်ကျင်ရာကနေ စတင်ခဲ့တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ဖြစ်ပွားခဲ့တာ ၃၂ နှစ်ရှိပြီဖြစ်ပြီး ၁၉၆၂ ခုနှစ်ကကစလို့ ၆၂-၇၄ မျိုးဆက်တွေ၊ ရှစ်လေးလုံး မျိုးဆက်တွေ၊ ၁၉၉၆ နဲ့ ၂၀၀၇ မျိုးဆက်တွေဟာ နိုင်ငံရေး မျိုးဆက်တွေအဖြစ် ဖြတ်သန်းတဲ့ အတွေ့အကြုံရင့်ကျက်လာပြီး တိုင်းရင်းသားတွေရဲ့ ခံစားချက် အခြေအနေ၊ ရပိုင်ခွင့်တွေကို နားလည်မှုအရှိဆုံးမျိုးဆက်ဖြစ်တယ်လို့ ပြည်သူ့ပါတီက ဆိုပါတယ်။ ဒီထဲမှာ ပါခဲ့သူတွေအနေနဲ့ စဉ်ဆက်မပြတ်တိုက်ပွဲဝင်ခဲ့သူတွေ၊ အခြေအနေ အမျိုးမျိုးကြောင့် တော်လှန်ရေးက ထွက်ပြီး အားပေးခဲ့သူတွေ၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင် စတဲ့ ကဏ္ဍအသီးသီးမှာ ရှိနေကြပေမဲ့ တိုင်းပြည်အပေါ် မျှော်မှန်းခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ရည်ရွယ်ချက်တွေ မပြည့်စုံသေးဘူးလို့ ဆိုပါတယ်။ ၈၈ မျိုးဆက်တယောက်ဖြစ်တဲ့ ဦးသက်ဦးက “ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ၈၈ မျိုးဆက်တွေကို ထောက်ခံအားပေးဖို့ ဆွေးနွေးတိုင်ပင်နေတာတွေ ရှိတယ်။ အချင်းချင်းတွေထဲမှာ တိုင်ပင်နေတာပါ။ ပါတီတခုခုကို ကိုယ်စားပြုပြီးတော့ ဖြစ်ဖြစ်၊ တသီးပုဂ္ဂလအနေနဲ့ဖြစ်ဖြစ် ဝင်ပြိုင်မယ့်သူတွေကို ဝန်းရံဖို့ပေါ့။ ကျနော့်အမြင်ကတော့ လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ လွှတ်တော်ထဲကို ဝင်တာ ကောင်းပါတယ်” လို့ ပြောပါတယ်။ အခုလို ရွေးကောက်ပွဲဝင်ပြိုင်ဖို့ တိုက်တွန်းတာနဲ့ ပတ်သက်ပြီး  တခြား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့ကိုလည်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မှတ်ချက်မပေးခဲ့ကြပါဘူး။ ဓာတ်ပုံ- People Party
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024