စစ်ကိုင်းတိုင်း အန်အယ်လ်ဒီလက်ရှိ ကိုယ်စားလှယ်အများစု ဒုတိယ ဦးစားပေးနေရာရရှိ
Aung Ko Latt
·
June 17, 2020
စစ်ကိုင်းတိုင်းအတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် အန်အယ်လ်ဒီ ပါတီက ကိုယ်စားလှယ်လောင်းတွေ လျှောက်ထားရာမှာ လက်ရှိကိုယ်စားလှယ်အများစုက ဒုတိယ ဦးစားပေးနေရာသာ ရရှိကြတယ်လို့ စစ်ကိုင်းတိုင်း အန်အယ်လ်ဒီပါတီရဲ့ အတွင်းရေးမှူးက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို နိုင်ငံတဝန်း မြို့နယ်အလိုက် ရွေးချယ်နေတာပါ။
စစ်ကိုင်းတိုင်းမှာ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်နေရာတွေအတွက် အန်အယ်လ်ဒီပါတီ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းလျှောက်ထားသူ ၃၀၀ ကျော်ရှိပါတယ်။
အဲဒီထဲမှာ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်အားလုံးလည်းပါဝင်ပြီး အများစုကတော့ ဒုတိယဦးစားပေးနေရာသာ ရရှိကြတယ်လို့ အန်အယ်လ်ဒီပါတီရဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရေးမှူး ဦးမြင့်ကြည်က ပြောပါတယ်။
ကိုယ်စားလှယ်လောင်းအဖြစ် လက်ရှိ တိုင်းအစိုးရအဖွဲ့ထဲက လယ်/ဆည်ဝန်ကြီး ဦးကမ်ဇာမုံ ကလွဲလို့ လက်ရှိဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေလည်း သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာ လျှောက်ထားပြီးဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်းရွေးချယ်ရေးနဲ့ပတ်သက်လို့ အုပ်စုဖွဲ့တယ်၊ ပါတီရဲ့ မူဝါဒကို သွေဖယ်တယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေလည်း များစွာ ထွက်ပေါ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး တိုင်ကြားစာတွေလည်း အများကြီးရရှိထားတယ်လို့ ဦးမြင့်ကြည်က ပြောပါတယ်။
ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ အန်အယ်လ်ဒီပါတီက တိုင်းရင်းသား၊ လူငယ်၊ အမျိုးသမီး ဦးစားပေး ရွေးချယ်မယ့် အစီအစဉ်တွေကြောင့် စစ်ကိုင်းတိုင်းအတွင်း NLD ပါတီကိုယ်စားလှယ်လောင်းအဖြစ် လူငယ်နဲ့ အမျိုးသမီးပါဝင်မှု အရင်ကထက် မြင့်တက်လာခဲ့ပါတယ်။
ဒါပေမဲ့ မြို့နယ်တွေက ရွေးချယ်တဲ့ စာရင်းတွေအရ လူငယ်၊ အမျိုးသမီးကိုယ်စားလှယ်လောင်းရွေးချယ်မှုက ထင်သလောက် ကျေနပ်အားရစရာမရှိတာကို တွေ့ရတယ်လို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ လူငယ်တချို့က ပြောပါတယ်။
လက်ရှိမြို့နယ်အဆင့် ရွေးထားတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ အတည်မဖြစ်သေးဘဲ အန်အယ်လ်ဒီပါတီရဲ့ တိုင်းအဆင့်နဲ့ ဗဟိုအဆင့်ကနေ ထပ်မံအတည်ပြု ရွေးချယ်ဦးမှာ ဖြစ်ပါတယ်။