နော်အုန်းလှ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ပြိုင်မည်
နော်နိုရင်း
·
June 17, 2020
ဒီမိုကရေစီနဲ့ တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှကို လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်လိုက်ကြောင်း တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) က ထုတ်ပြန်လိုက်ပါတယ်။
နော်အုန်းလှဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ စတင်ပါဝင်ပြီးနောက် နိုင်ငံရေးလောကသို့ ဝင်ရောက်လာသူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှာ ဗဟို အမျိုးသမီးအဆင့်ထိ တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။
စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားမှာ အင်္ဂါနေ့တိုင်း ဆုတောင်းပွဲပြုလုပ်ခဲ့ရာမှာ ပါတီစည်းကမ်းနဲ့ မညီလို့ဆိုပြီး အန်အယ်လ်ဒီ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရပါတယ်။
သူဟာ နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့ချိန်ကတည်းက အကြိမ်ကြိမ်ဖမ်းဆီးခံရ၊ တရားစွဲခံရ၊ ထောင်အကြိမ်ကြိမ် ကျခံခဲ့ဖူးသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့ ကရင့်အာဇာနည်နေ့ ပြုလုပ်ခဲ့တဲ့အတွက် ဖမ်းဆီးတရားစွဲဆိုခံရပြီး ထောင်ဒဏ် ၁၅ ရက် ချမှတ်ခံခဲ့ရပါတယ်။
လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာတော့ နော်အုန်းလှဟာ ၁၉၉၀ အမတ်တွေနဲ့ တည်ထောင်ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP) ကို ကိုယ်စားပြုယှဉ်ပြိုင်မှာဖြစ်ပါတယ်။
UNDP ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလောင်းတွေ စိစစ်ရွေးချယ်ဖို့အတွက်လည်း ကော်မီတီတစ်ရပ်ဖွဲ့စည်းထားပြီး အဲဒီကော်မီတီမှာ ၁၉၉၀ အမတ်ဟောင်းတွေဖြစ်တဲ့ ဦးခွန်ထွန်းဦး၊ ဦးနိုင်းနိုင်း၊ ခွန်မားရ်ကိုဘန် အပါအဝင် အဖွဲ့ဝင် ၉ ဦး ပါဝင်တယ်လို့ ပါတီက ထုတ်ပြန်ထားပါတယ်။