ဧရာဝတီတိုင်း သစ်တောဌာနများတွင် တောကြပ်ရာထူးအတွက် လူငယ်များ လျှောက်ထားနိုင်
DVB
·
June 17, 2020
ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ မြောင်းမြနဲ့ ဟင်္သာတခရိုင်တို့ရှိ သစ်တောဌာနတွေမှာ လစ်လပ်နေတဲ့ တောကြပ်ရာထူးတွေအတွက် စိတ်ပါဝင်စားတဲ့ လူငယ်တွေ လျှောက်ထားနိုင်တယ်လို့ မြောင်းမြမြို့နယ် သစ်တောဦးစီးဌာနထံက သိရပါတယ်။
သစ်တောဦးစီးဌာနရဲ့ အခြေခံဝန်ထမ်း တောကြပ်ရာထူးအတွက် ပညာအရည်အချင်း ၈ တန်းအဆင့်အောင်မြင်ပြီးသူ၊ အသက် ၃၀ နှစ်ထက် မကြီးသူတွေ လျှောက်ထားနိုင်ပြီး ခန့်အပ်ခြင်းခံရပါက လစာနဲ့ ချီးမြှင့်ငွေ တစ်လကျပ် ၁၆၂၀၀၀ မှ ၁၇၂၀၀၀ ကျပ်အထိ ခံစားခွင့်ရရှိမှာဖြစ်တယ်လို့ မြောင်းမြခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအေးက ပြောပါတယ်။
“သစ်တော၊ သစ်ပင်နဲ့ သဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် အလုပ် အကိုင်အခွင့်အလမ်း တစ်ခုဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်နေစဉ်မှာလည်း ဘဝတိုးတက်ရေး အတွက် စာမေးပွဲတွေ တရားဝင် ဆက်လက်ဖြေဆိုနိုင်ပြီး ဌာနရဲ့လစ်လပ်လျက်ရှိတဲ့ တောခေါင်းရာထူးနေရာတွေကို တိုးမြင့်ခံအပ်သွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ပုသိမ်၊ ဟင်္သာတနဲ့ မြောင်းမြခရိုင်ရှိ သစ်တောဌာနတွေမှာ လစ်လပ်နေတဲ့ တောကြပ်ရာထူးမှာ ၂၅ နေရာဖြစ်ပြီး အဆိုပါနေရာအတွက် ဝန်ထမ်း ၂၅ ဦးကို ခန့်အပ်သွားဖို့ စတင်လျှောက်လွှာတွေ ထုတ်ပေးနေပြီဖြစ်ပါတယ်။
တောကြပ်ရာထူး လျှောက်ထားလိုသူတွေအနေနဲ့ ပုသိမ်၊ ဟင်္သာတနဲ့ မြောင်းမြ ခရိုင်သစ်တောဌာနတွေမှာ လျှောက်လွှာပုံစံတွေ စုံစမ်းရယူနိုင်ပြီး ဇူလိုင် ၇ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ဘိုဘို (မြောင်းမြ)