Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးမည်
DVB
·
June 17, 2020
ဇွန်လ ၁၉ ရက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်း အမရပူရမြို့နယ်မှာ အခြေခံလူတန်းစားတွေအတွက် တန်ဖိုးသင့်စားသောက်ကုန်ပစ္စည်းတွေ  ရောင်းချပေးမယ်လို့ သိရပါတယ်။ မန္တလေးခရိုင်အတွင်း အခြေခံလူတန်းစားတွေအတွက် အခြေခံ စားသောက်ကုန်တွေကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI)နဲ့ ညီနောင်အသင်းတွေ ပူးပေါင်းရောင်းချပေးနေတာ ဖြစ်ပါတယ်။ လတ်တလောမှာ ဆန်၊ ဆီ၊ ဆား စတဲ့ ငွေကျပ် ၇၁၅၀ ဖိုးရှိ စားသောက်ကုန်တွေကို ကျပ် ၂၀၀၀ နှုန်းနဲ့ မြို့နယ်တစ်ခုမှာ လူအယောက် ၁၀၀၀ စာ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ MRCCI အသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက"အားလုံး ခုနစ်မြို့နယ်ရောင်းမယ်။ ၁၉ ရက်နေ့ ကတော့ အထူးပေါ့၊ ၁၉ ရက်နေ့က အမေစုမွေးနေ့ကို ကျနော်တို့ အမရပူရကို ရွေးထားတယ်။ အဲဒီနေ့တော့ အမေစုမွေးနေ့အမှတ်တရလေးပေါ့" လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစားတွေ အဆင်ပြေစေဖို့အတွက် အခြေခံ စားသောက်ကုန်နဲ့ ကုန်ဈေးနှုန်းတည်ငြိမ်စေဖို့ အခုလိုရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ ရောင်းချပေးတဲ့ အခြေခံစားသောက်ကုန်တွေမှာ ပဲဆီသန့် ၁၅ ကျပ်သား ၊ဆန်တစ်ပြည်၊ လက်ဖက်နဲ့ ပဲကြော် သုံးထုပ်စီ ၊ A1family ငရုတ်သီးမှုန့် တစ်ထုပ်၊ ကြက်ဥခြောက်လုံး၊ Reusable Mask နှာခေါင်းစည်း သုံးခု၊ လက်သန့်ဆေးရည် တစ်ဘူး၊ ကြက်သွန်နီ တစ်ပိဿာ၊ ကုလားပဲ ၅၀ ကျပ်သား၊ သားသား အမှတ်တံဆိပ် ဆန်ပြုတ်တစ်ထုပ်တို့ ပါဝင်ပါတယ်။ မန္တလေးခရိုင်အတွင်းရှိ ခုနစ်မြို့နယ်မှာ လှည့်လည်ရောင်းချပေးမှာဖြစ်ပြီး မြို့နယ်သုံးခု မှာ ရောင်းချပေးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဇွန်လ ၁၆ ရက်နေ့မှာတော့ ပုသိမ်ကြီးမြို့နယ်၊ ကြံခင်းရပ်ကွက်ကို သွားရောက် ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024