မြန်မာအလုပ်သမားမိသားစု ထိုင်းထီ ဘတ် ၆ သန်းဖိုးပေါက်
နန်းမြနဒီ
·
June 17, 2020
ဇွန်လ ၁၆ ရက်က ထွက်သွားတဲ့ ထိုင်းထီ ဘတ်ငွေ ၆ သန်း ပထမဆုကို ထိုင်းနိုင်ငံ ဘန်ကောက်အနီး ပထုန်ဌာနီခရိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားမိသားတစ်စုက ဆွတ်ခူး ရရှိခဲ့ပါတယ်။
အဆိုပါ အလုပ်သမား မိသားစုဟာ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ ရွာလေးတစ်ရွာကနေ ထိုင်းနိုင်ငံ ပထုန်ဌာနီမြို့မှာ ဆောက်လုပ်ရေးအလုပ် လာလုပ်နေတာ ဖြစ်ပါတယ်။
မနေ့ကထီပေါက်စဉ်ထွက်တော့ သိပ်မသေချာလို့ AAC မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ကို လှမ်းပြီးမေးခဲ့ရာမှာ အေအေစီက ပေါက်ဂဏန်း မှန်ကန်ကြောင်းပြောလို့ ဝမ်းသာအားရနဲ့ ဒီကနေ့မှာ ငွေသွားထုတ်ခဲ့တယ်လို့ ထီပေါက်သူ ဒေါ်ဖြူဖြူခိုင်က ဒီဗွီဘီကို ပြောပါတယ်။
“ထီဂဏန်းထွက်တော့ ကျမတို့က မတိုက်တတ်ဘူးလေ။ သူများကို ကြည့်ခိုင်းတာ တချို့က ပေါက်တယ်။ တချို့က မပေါက်ဘူး၊ အမျိုးမျိုးပြောလို့ အေအေစီအဖွဲ့ကို လှမ်းမေးကြည့်တာ။ ထီနံပတ် ၅၁၆၉၆၇ ဟုတ်လားပေါ့။ အေအေစီက ဟုတ်တယ်။ ထီလက်မှတ် ကောင်းကောင်းသိမ်းထား၊ ဘယ်သူ့မှ မပြသေးနဲ့ ငွေထုတ်ဖို့ လာကြိုမယ်ဆိုလို့ တအားဝမ်းသာသွားတယ်။ မမျှော်လင့်ဘဲပေါက်တာဆိုတော့ တအားဝမ်းသာပြီး ဘာပြောရမှန်းကို မသိဘူး။ ကျမတို့က ဆောက်လုပ်ရေး အလုပ်သမားဆိုတော့ ဆင်းရဲပါတယ်။ ရွာပြန်ချင်တာတောင် ပိုက်ဆံမရှိလို့ မပြန်ရဘူး။ အခု ပိုက်ဆံရှိပြီဆိုတော့ မိသားစု ရွာပြန်ပြီးအေးဆေးနေမယ်။ လှူမယ်၊ တန်းမယ်၊ ဒုက္ခရောက်နေသူတွေကိုလည်း ကူမယ်၊ အေအေစီအဖွဲ့ကိုလည်း လှူမယ်၊ တအားကျေးဇူးတင်တယ်။”
မြန်မာအလုပ်သမား မိသားစုဟာ ထီကိုလစဉ်ထိုးတာမဟုတ်ဘဲ ဒီတကြိမ်တော့ စက်ရုံမှာ ထီလာရောင်းလို့ အားပေးတဲ့အနေနဲ့ သားအမိအဖ သုံးယောက် တစ်ယောက် တစ်စောင်စီ ဝယ်ခဲ့ရာမှာ အသက် ၁၉ နှစ်အရွယ် သားဖြစ်သူထိုးတဲ့ ထီလက်မှတ်က ပေါက်ခဲ့တာဖြစ်ပြီး သားကလည်း ဘုန်းကြီးဝတ်ဖို့ ရည်စူးပြီး ထီထိုးခဲ့တာလို့ ဆိုပါတယ်။
AAC တာဝန်ခံ ကိုရဲမင်းကလည်း သူတို့ငွေတွေ ဘေးအန္တရာယ်ကင်းစွာ ထုတ်ပြီး မြန်မာပြည်ကို ပြန်နိုင်ဖို့ စောင့်ရှောက်ကူညီပေးနေကြောင်း ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့အဖွဲ့က သူတို့ကို ငွေနဲ့ မြန်မာပြည်ထဲရောက်တဲ့အထိ မြဝတီနယ်စပ်ကနေ သံအရာရှိကနေတဆင့် မြန်မာပြည်ပြန်ရောက်အောင် လွှဲပြောင်းပေးမယ်။ သူတို့ကလည်း ပြန်မှာ ထိုင်းမှာ အလုပ်မလုပ်တော့ဘူး။”
အေအေစီအဖွဲ့အစည်းအနေနဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲကို တတ်နိုင်သလောက် ကူညီပေးနေတဲ့အပြင် အခုလို ထီပေါက်တဲ့ ဝမ်းသာစရာကိစ္စတွေမှာလည်း ကူညီဆောင်ရွက်ပေးခဲ့တာမှာ ပထမဆုရသူ ဒီတစ်ကြိမ်နဲ့ဆိုရင် ၁၆ ကြိမ်ရှိသွားပြီလို့ ကိုရဲမင်းက ပြောပါတယ်။