ရေးမြို့နယ်တွင် သစ်ပင်ပျိုးပင်ပေါင်း ၃၀၀၀၀ ခန့် စိုက်ပျိုးမည်
DVB
·
June 17, 2020
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပျိုးပင်ပေါင်း ၃၀၀၀၀ လောက် စိုက်ပျိုးသွားမယ်လို့ ရေးမြို့နယ်သစ်တောဦးစီးအရာရှိက ပြောပါတယ်။
ပျိုးပင်တွေဖြစ်တဲ့ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မန်ဂျာန်ရှား စတဲ့ သစ်ပင် ပျိုးပင်တွေကို ရပ်ကွက်ကျေးရွာ ပြည်သူတွေရဲ့ နေအိမ်ခြံဝင်းအပြင် အများနဲ့သက်ဆိုင်တဲ့ ဘာသာရေး အဆောက်အုံနဲ့ အစိုးရရုံးတွေ စာသင်ကျောင်းနဲ့ ဆေးရုံလိုနေရာမျိုးတွေမှာ စိုက်ပျိုးဖို့ ပျိုးပင် အခမဲ့ ဖြန့်ဝေပေးသွားမယ်လို့ ရေးမြို့နယ် သစ်တောဦးစီးအရာရှိက ပြောပါတယ်။
အခုလို ရာသီဥတုဖောက်ပြန်လာတဲ့အခါ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ လျော့ပါးသွားဖို့ သဘာဝဘေးအန္တရာယ် ရေကြီး တောင်ပြို မြေပြိုမှုတွေကို အဟန့်အတားဖြစ်စေပြီး ရာသီဥတု မျှတစေဖို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရက သစ်ပင်တွေ စိုက်ပျိုးသွားဖို့ လမ်းညွှန်ထားခဲ့တယ်လို့ ဆိုပါတယ်။
လာမယ် ဇွန် ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ရေးမြို့နယ်အတွင်း တူးမြောင်းကျေးရွာ လေယာဉ်ပျံကွင်းဟောင်းအနီးမှာလည်း သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပသွားမယ်လို့ သိရပါတယ်။
နေမျိုးထွဋ်