တကောင်းတောင် နီကယ်စီမံကိန်းဧရိယာတွင် ကျောက်ရှာဖွေသူ ၁ ဦး သေနတ်မှန် သေဆုံး
DVB
·
June 17, 2020
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ၊ တကောင်းတောင် နီကယ် စီမံကိန်း ဧရိယာအတွင်း အလှဆင်ကျောက်(ချယ်ဆီဒိုနီ)ခေါ် ကျောက်ဝါ တူးဖော်ဖို့ သွားရောက်တဲ့ အမျိုးသားတစ်ဦးကို လုပ်ငန်းခွင်လုံခြုံရေး တာဝန်ကျ ရဲတပ်သားတစ်ဦးက ဇွန်လ ၁၆ ရက် မနက်အစောပိုင်းက သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Myanmar-CNICO ကုမ္ပဏီရဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်တဲ့ နီကယ်တူးဖော်ရေး စီမံကိန်းဧရိယာအတွင်း တောင်ကြောတစ်ခုမှာ အလှဆင်ကျောက်အမျိုးအစားဖြစ်တဲ့ ကျောက်ဝါထွက်ရှိတာကြောင့် ၂၀၁၂ ခုနှစ်လောက်ကတည်းက ဒေသခံတွေနဲ့ အခြားဒေသက ကျောက်ရှာဖွေသူတွေ လာရောက် ရှာဖွေနေကြတာလည်း ဖြစ်ပါတယ်။
ကျောက်ရှာဖွေသူတွေကို လုပ်ငန်းခွင်လုံခြုံရေး တာဝန်ရှိသူတွေကလည်း တားမြစ်လေ့ရှိပြီး မနေ့ကတော့ ကျောက်ရှာဖို့သွားတဲ့ အသက် ၃၈ နှစ်အရွယ် ညောင်သာယာရွာသား ကိုသောင်းထွန်း ရင်ဘတ်မှာ သေနတ်ဒဏ်ရာရပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။
တကောင်းတောင်အနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက “မင်းသူနဲ့ သေသူ သောင်းထွန်းနဲ့က ကိုဗစ်-၁၉ ကာလမှာ စားဝတ်နေရေး အဆင်မပြေလို့ဆိုပြီး ကျောက်ရှာဆိုပြီးထွက်သွားတာ၊ အခု နီကယ်တောင်ကို ရောက်သွားတယ်။ ရောက်သွားတဲ့အချိန်မှာ တောင်ပေါ် တာဝန်ကျတဲ့ ရဲကနေ မင်းတို့ ဘယ်သွားမလို့လဲဆိုပြီး မေးတာတဲ့၊ ကျနော်တို့ ကျောက်လေးဘာလေးများ ရမလားလို့ လာရှာတာလို့ပြောတော့ မင်းတို့ တက်ခဲ့ဆိုပြီးမှ ခေါ်တာတဲ့၊ ခေါ်ပြီးတော့မှ မင်းတို့ ဒီကို မလာရဘူးဆိုတာ သိလားဆိုတော့ မသိပါဘူး၊ အဲဒီလို ပြောတာတဲ့၊ ပြောပြီးတော့ သောင်းထွန်းကို သေနတ်တွေနဲ့ ဆောင့်တယ်တဲ့၊ သေနတ်တွေနဲ့ ဆောင့်ပြီးမှ အဲ့လိုတော့ မနှိပ်စက်ပါနဲ့ဗျာ၊ ကျနော်တို့ကို သေနတ်နဲ့ ပစ်သတ်တယ်ဆိုရင်လည်း ကျနော်တို့လည်း သေနိုင်ပါတယ်လို့ သူက အဲဒီလိုပြောလိုက်တာတဲ့၊ အဲဒီလိုပြောတော့ သေနတ်နဲ့ပစ်လိုက်တာတဲ့၊ အဲဒါ ဘယ်သူက ပြောလဲဆိုရင် သောင်းထွန်းနဲ့ အတူတူသွားတဲ့ အသက်မသေဘဲ ကျန်ခဲ့တဲ့ မင်းသူကပြောတာ” လို့ ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တကောင်းရဲစခန်း တာဝန်ရှိသူတွေကတော့ ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းအထိ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
တကောင်းရဲစခန်းမှ ရဲအုပ် အောင်မျိုးမြင့်က “အဲ့ဒါအတည်မပြုရသေးဘူးဗျ၊ ပြီးမှပဲ ပြန်ပြီးတော့ ဆက်လိုက်မယ်နော်၊ အဲ့ကိစ္စပဲ ကျတော်တို့ ဆွေးနွေးနေတာ” လို့ ဒီဗွီဘီ ကို ပြောပါတယ်။
တကောင်းတောင် နီကယ် စီမံကိန်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲကင်းတာဝန်ကျသူတွေနဲ့ တောင်ပေါ်က 15 MCC လုံခြုံရေးအဖွဲ့တွေက ကန့်သတ်နယ်မြေထဲမဝင်ဖို့ လုံခြုံရေး တာဝန်ယူထားတာ ဖြစ်ပါတယ်။
လက်ရှိအချိန်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလဖြစ်တဲ့အတွက် စားဝတ်နေရေး ကျပ်တည်းတာကြောင့် ကျောက်ရှာဖွေသူတွေ ပိုမိုများပြားလာတယ်လို့လည်း ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅-၁၆ ခုနှစ်လောက်ကလည်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကျောက်ဝါ တူးဖော်သူတွေကို သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်မှု တစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ - ကောင်းကင်ကျော်စွာ facebook