တိုက်ပွဲများ မရပ်သေးသဖြင့် ရွေးကောက်ပွဲဝင်ရန်ကိစ္စ ရခိုင်ပါတီများ စောင့်ကြည့်နေ
ပိုင်စိုး
·
June 17, 2020
ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာကြောင့် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် စောင့်ကြည့်နေတုန်း ဖြစ်တယ်လို့ ရခိုင်ပါတီတချို့က ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာမှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောထားပေမဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တော်တော်များများမှာ တပ်မတော်က အေအေတို့ တိုက်ပွဲတွေ ဖြစ်နေလို့ စိုးရိမ်နေကြတာပါ။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မြင့်က “ဝင်တာကတော့ ဝင်မှာပေါ့။ ဒါပေမဲ့ အခြေအနေကတော့ ဘယ်လိုလာမယ် မသိဘူးလေ။ ကျနော်တို့က ရခိုင်ပြည်သားကိုပဲ အခြေခံထားတော့ အပစ်အခတ် မရပ်စဲဘဲ အဆင်ပြေပါ့မလားပေါ့။ ပြီးတော့ ကိုဗစ်ကြောင့်လည်း နယ်ကို ဆင်းဖို့က အဆင်မပြေဘူးဖြစ်နေတယ်။ ကိုယ်စားလှယ်လောင်းတွေကို ခေါ်ဖို့ စီစဉ်နေပြီ” လို့ ပြောပါတယ်။
ပါတီရဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းအနေနဲ့ ဒေသခံကိုပဲ ဦးစားပေး ရွေးချယ်မယ်လို့လည်း သူက ပြောပါတယ်။
ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကတော့ ရွေးကောက်ပွဲ လုပ်မယ်၊ မလုပ်ဘူးဆိုတာက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်ပဲ ဖြစ်တယ်လို့ ပြောပါတယ်။
“တပြည်နယ်လုံးမှာ ဝင်ပြိုင်မယ်။ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာတော့ တိုင်းရင်းသားရေးရာ နေရာတွေ ဝင်ပြိုင်မယ်။ ကိုယ်စားလှယ်လောင်းတွေအတွက် စိစစ်ရေးအဖွဲ့တွေ ဖွဲ့နေတုန်းပါ။ ရွေးကောက်ပွဲလုပ်ဖို့က ကော်မရှင်က ကျင်းပမယ်လို့ ကြေညာတဲ့နေရာတွေမှာပဲ ဝင်ပြိုင်လို့ရမှာလေ။ ဒါက သူတို့ကိစ္စပါ” လို့ ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ နေရာတော်တော်များများဟာ ရခိုင်အမျိုးသားပါတီရဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။
ရခိုင့်ဦးဆောင်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးကတော့ လက်ရှိ အခြေအနေတွေကို စောင့်ကြည့်နေတုန်းဖြစ်တယ်လို့ ပြောပါတယ်။
“ရခိုင်ပြည်နယ်မှာက ရွေးကောက်ပွဲက လုပ်ဖြစ်၊ မဖြစ် သိပ်မသေချာသေးတော့ ကျနော်တို့ ပါတီခေါင်းဆောင်တွေ စောင့်ကြည့်ဆွေးနွေးနေတုန်းပါ။ တိုက်ပွဲတွေ ဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့ တွေက သဘောတူပါတယ်ဆိုမှ လုံခြုံမယ်လေ။ တကယ်လို့ မလုပ်ဖြစ်ရင်လည်း ပါတီအနေနဲ့ ကတော့ တခြားနေရာဒေသ တခုခုမှာ အနည်းဆုံး ၃ နေရာ ဝင်ပြိုင်ရမှာပါ” လို့ ပြောပါတယ်။
ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်တဲ့ သတ်မှတ်အချက်အလက်တွေ ရှိပြီးသား ဖြစ်ပေမယ့် လတ်တလောမှာ ထုတ်မပြောနိုင်သေးဘူးလို့လည်း သူက ပြောပါတယ်။
လက်ရှိမှာ ရခိုင်တိုင်းရင်းသားကို အခြေခံတဲ့ ပါတီ ၄ ခုရှိပြီး ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီကိုတော့ ဆက်သွယ်မရသေးပါဘူး။