Home
မြန်မာသတင်း
ဟွာပိုတိုင်းမ်စက်ရုံက အလုပ်သမား ၂၆ ဦးအား အလုပ်ပြန်ခန့်ပေးရန် သုံးပွင့်ဆိုင်ဆွေးနွေး
DVB
·
June 17, 2020
ပုသိမ် ဟွာပိုတိုင်းမ်စက်ရုံက အလုပ်ထုတ်ခံရစဉ် နစ်နာကြေးမယူခဲ့သူတွေကို အလုပ်ပြန်ခန့်ပေးဖို့ တိုင်းတာဝန်ရှိသူတွေ၊ စက်ရုံတာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေ သုံးပွင့်ဆိုင်  တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်ရှိ ဟွာပိုတိုင်းအထည်ချုပ်စက်ရုံက နစ်နာကြေးမယူခဲ့တဲ့ အလုပ်သမား ၁၀၀ ကျော်ကို စက်ရုံက အလုပ်ထုတ်ပယ်ချိန်မှာ ကြိုတင်အကြောင်းကြားတာတွေ မရှိသလို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်တာကြောင့် အလုပ်သမား ၂၆ ဦးက အလုပ်ထုတ်နစ်နာကြေးအပါအဝင် အခြားအကျိုးခံစားခွင့်တွေကို မယူခဲ့တဲ့အတွက် အလုပ်ပြန်ခန့်ပေးဖို့ တိုင်းဝန်ကြီးချုပ်ရဲ့ အစီအမံနဲ့ တိုင်းအဆင့် ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စက်ရုံဘက်က တာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေ ဇွန် ၁၆ ရက်နေ့က ဆွေးနွေးခဲ့ကြတာပါ။ အလုပ်သမား ၂၆ ဦးကို အလုပ်ပြန်လည်ပေးအပ်ဖို့အတွက် အလုပ်သမားတွေက တောင်းဆိုခဲ့တယ်လို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့က ပဋိပက္ခ အငြင်းပွားမှု ဖြေရှင်းရေးတာဝန်ခံ ဒေါ်ခခက ပြောပါတယ်။ “အဓိက နှစ်ဦးနှစ်ဖက် နားလည်မှုလွဲနေတာလေးတွေကို အပြန်အလှန်စကားတွေ ပြောဖြစ်တယ်။ လျှော့ချလိုက်တဲ့ အလုပ်သမားတွေထဲက လုံးဝ အလုပ်ရပ်စဲ နစ်နာကြေးတွေကို မယူတဲ့ အလုပ်သမားတွေကို ပြန်ခန့်ပေးဖို့နဲ့ နစ်နာကြေးယူသွားတဲ့ အလုပ်သမားတွေကို အလုပ်ပုံမှန်ပြန်လည်ပတ်ချိန်မှာ ပြန်ခန့်ထားပေးဖို့ တောင်းဆိုတာတွေပြုလုပ်ခဲ့ပါတယ်။” ဒါ့အပြင် အလုပ်သမားအခွင့်အရေးတွေကို မချိုးဖောက်ဖို့နဲ့ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်ကို လေးစားဖို့ စတာတွေအပါအဝင် အဖွဲ့အစည်းတွေမှာပါဝင်တဲ့ အလုပ်သမားတွေကို ခြိမ်းခြောက်တာတွေ၊ ခွဲခြားတာတွေ မပြုလုပ်ဖို့နဲ့ အဖွဲ့အစည်းသမဂ္ဂ အဖွဲ့ဝင်တွေကို အလုပ်ပြန်ခန့်ထားပေးဖို့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ စက်ရုံက လုပ်သားအင်အား လျှော့ချချိန်မှာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်တာကို အလုပ်သမားတွေက ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာဝန်ကြီးတွေကို ဖြေရှင်းပေးဖို့ အကူညီတောင်းခံခဲ့ပြီး ၁ လအကြာမှာ အလုပ်သမားတွေ၊ စက်ရုံတာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တွေ့ဆုံညှိနှိုင်းဖို့အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စေခိုင်းခဲ့တာဖြစ်ပါတယ်။ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ တိကျသေချာတဲ့ ကတိကဝတ်တွေ မရရှိခဲ့ပေမဲ့ အလုပ်သမားတွေ တောင်းဆိုချက်တွေကို စက်ရုံဘက်က တာဝန်ရှိသူတွေက ပိုင်ရှင်ထံ ပြန်လည်တင်ပြသွားမယ်ဆိုတဲ့ အချက်တော့ ရရှိခဲ့တယ်လို့ တိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းက DVB ကို ပြောပါတယ်။ “အလုပ်သမားတွေဘက်က ဒီလူတွေထဲက မှတ်ပုံတင်ဖို့ ဆောင်ရွက်နေတဲ့ ၂၆ ယောက်ကို ပြန်ခံပေးဖို့ တောင်းဆိုတယ်၊ စက်ရုံက တာဝန်ရှိသူကတော့ အားလုံး လျှော့ထားတာမလို့ မမျှတမှာစိုးလို့ အလုပ်ပြန်ခန့်ဖို့ကို စက်ရုံပိုင်ရှင်ကို ပြန်လည်တင်ပြပေးမယ်လို့ အလုပ်သမားတွေကို ပြန်လည် ပြောဆိုခဲ့တယ်။” စက်ရုံအတွင်း အလုပ်သမားတွေ လျှော့ချခံရပြီးနောက် အလုပ်ပြန်ရဖို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၃ ဦး ခွဲခြားဆက်ဆံခံရတာ၊ အခွင့်အရေး ချိုးဖောက်ခံခဲ့ရတာတွေနဲ့ ပတ်သက်ပြီး အရေးယူပေးမယ်လို့ မန်နေဂျာက ပြောခဲ့တယ်လို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တဦးဖြစ်တဲ့ စုမွန်ထွေးက  ပြောပါတယ်။ “ညီမတို့ ၃ ယောက်ကို အလိုမရှိလို့ ဝိုင်းအော်တဲ့လူတွေ၊ လက်မှတ်တွေ ထိုးခိုင်းတဲ့သူတွေကို မန်နေဂျာပတ်က အရေးယူပေးမယ်ပြောလို့ ကျေနပ်ပါတယ်။ အလုပ်သမားတွေ ပြန်ခန့်ဖို့ အတွက်ကိုတော့ ပြန်ပြောပေးမယ်ပြောလို့ စောင့်နေရပါတယ်။”  ပုသိမ် ဟွာပိုတိုင်မ်းအထည်ချုပ်စက်ရုံဟာ မေလ ၁၄ ရက်နေ့မှာ အလုပ်သမား ၁၀၀ ကျော်ကို ကြိုတင်အသိပေးတာမရှိဘဲ အလုပ်မှရပ်နားခဲ့တာပါ။ အလုပ်ကရ ပ်နားတာဟာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်လို့ အလုပ်ထုတ် နစ်နာကြေးတွေ၊ အကျိုးခံစားခွင့်တွေ ယူခဲ့တာမရှိသလို အလုပ်ပြန်လည်ရရှိဖို့အတွက် တိကျသေချာတဲ့ ကတိလက်မှတ်ရရှိဖို့  အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေက အစိုးရအဖွဲ့ကို အကူအညီတောင်းခံခဲ့တာပါ။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024