ဓာတ်ခွဲနမူနာ ၂၃၆၃ ခုတွင် ကိုဗစ်-၁၉ လူနာသစ် မတွေ့၊ ရောဂါပိုးကင်းစင်သူ ၁၇၉ ဦးရှိ
DVB
·
June 17, 2020
ဇွန် ၁၆ ရက်နေ့အတွက် ဓာတ်ခွဲနမူ ၂၃၆၃ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြု လူနာသစ်မတွေ့ရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ဓာတ်ခွဲနမူနာ ၁,၃၉၇ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၀၈ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) က ဓာတ်ခွဲနမူနာ ၄၆၈ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၂၉၀ ၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၃၆၃ ခုအား စစ်ဆေးပြီးစီးခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၆၂ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက လူနာအမှတ် ၃၁,၁၆၃,၁၈၈ နဲ့ ၂၂၉ တို့မှာ နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိတာကြောင့် ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၇၉ ဦးရှိပါတယ်။
အဲဒီထဲက ၁၆၂ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေပါတယ်။
ဇွန် ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီကနေ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအထိ စောင့်ကြည့်လူနာအသစ် ၂၈ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၄ သောင်းကျော်နဲ့ ရောဂါသက်သာ ပျောက်ကင်းလာသူ ၄ ဒသမ ၃ သန်းကျော် ရှိတယ်လို့ သိရပါတယ်။