Home
မြန်မာသတင်း
သံတွဲမြို့တွင် နယ်ကျော်သွားလာသည့် ကားသမားများကို အိမ်ပြန်ခွင့်မပေးဘဲ ယာယီ quarantine ထားရှိ  
ပိုင်စိုး
·
June 16, 2020
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ နယ်ကျော်သွားလာတဲ့ ကားသမားတွေကို အိမ်ပြန်ခွင့်မပေးဘဲ ယာယီစောင့်ကြပ်စခန်းတွေမှာသာ ထားရှိတဲ့အတွက် နေထိုင်ရတာ အခက်အခဲဖြစ်နေတယ်လို့ ကားသမားတွေက ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်တဲ့အနေနဲ့ ရန်ကုန်-သံတွဲပြေးဆွဲသွားလာနေတဲ့ ကုန်ကားသမားတွေကို သံတွဲရောက်ရင် အိမ်ကို မပြန်ခိုင်းဘဲ ခရိုင်အားကစားကွင်းထဲက မိုးလုံလေလုံ အားကစားခန်းမမှာပဲ နေခိုင်းတာဖြစ်ပါတယ်။ သံတွဲက ကားသမား တစ်ဦးက  “ပုံမှန် လူ ၇၀၊ ၈၀ လောက်ရှိတယ်။ အိမ်သာက ၃ လုံးပဲ ရှိတယ်။ ရေချိုးကန်တောင်မှ ခု လူများလာတော့ အဆင်မပြေလို့ ကိုယ့်ဖာသာလုပ်ထားတာ။ အဆင်မပြေတာတွေက အများကြီးပဲ။ ဒီလိုမျိုး ဘယ်မြို့မှာမှ မရှိလို့ ဒါကို ဖြုတ်ပေးဖို့ မနေ့က ခရိုင်အုပ်ချုပ်ရေးမှူးလာတော့ ပြောကြတယ်။ သူက ဒါကို ဖျက်ရင် ဘယ်သူတာဝန်ယူမလဲ တဲ့။ ပြည်နယ် အစိုးရက ဖြုတ်မှ ရမယ်လို့ ပြောတယ်” လို့ ပြောပါတယ်။ သောက်ရေနဲ့ ချိုးရေကိုတော့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ အစီအစဉ်နဲ့ လာပို့ပေးပြီး အစားအသောက်ကတော့ မိသားစုကပဲ လာပေးတာလို့ သူက ပြောပါတယ်။ အစပိုင်းကတော့ ကားသမားတွေကို အမှတ် ၂ အထက်တန်းကျောင်းမှာ ထားခဲ့ပေမဲ့ ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်တာကြောင့် အခုနေရာကို ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ်။ သံတွဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီနာယက တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က “အဲဒီမှာက အဆင်မပြေဘူးလေ။ လူက ၈၀၊ ၉၀ လောက်ရှိတယ်။ အိမ်သာက မလောက်။ မိုးကယို။ သွားရတဲ့ လမ်းတွေကမကောင်းဆိုတော့ သူတို့ကလည်း တင်ပြကြတယ်။ ခုတော့ အိုးအိမ်ကဆောက်ထားတဲ့ အိမ်အသစ်တွေမှာ တစ်ခုခု ပျက်စီးရင် လျော်ရမယ်ဆိုပြီး တချို့တဝက် ပြောင်းထားပါတယ်” လို့ ပြောပါတယ်။ အခုလို စောင့်ကြပ်ထားတာဟာလည်း အစိုးရ အဆင့်ဆင့်က လုပ်ခိုင်းထားတာ ဖြစ်လို့ အစိုးရက ရုပ်သိမ်းခိုင်းမှ ဖြစ်မယ်လို့လည်း သူက ပြောပါတယ်။ ကားသမားတွေဟာ မြို့ထဲကို ကားဝင်ပြီးရင် နောက်ထပ် ယာဉ်မောင်း တစ်ယောက်ကို လွှဲပေးရပြီး သူက မြို့ထဲမှာ ကုန်တွေသွားပို့ရပါတယ်။ ခရီးဝေးမောင်းခဲ့ရတဲ့ ကားသမားနဲ့ စပယ်ယာကတော့ ယာယီ စောင့်ကြပ်ကြည့်ရှုစခန်းမှာပဲ နေရပြီး နောက်တစ်ကြိမ် ခရီးသွားစရာရှိရင်တော့ သွားလို့ရပါတယ်။ ကားသမားတ‌ယောက်က “ခုလို Temporary quarantine  (ယာယီစောင့်ကြပ်စခန်း) ထားတာကလည်း ဘယ်မှာမှ မရှိဘူး။ အရင်ကတော့ ဂွမှာ ရှိခဲ့တယ်။ ခု ဖြုတ်လိုက်ပြီ။ ဒါကြောင့် ဒါကို ဖြုတ်ပေးဖို့ တောင်းနေတာ” လို့ ပြောပါတယ်။ သံတွဲမြို့နယ်မှာ ပြည်ပက ပြန်လာသူတွေနဲ့ ပြည်တွင်း တခြားမြို့တွေကလာသူတွေကိုတော့ တခြားသတ်မှတ်နေရာတွေမှာ  အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုထားတာပါ။ သံတွဲမှာ ပြည်ပက ပြန်လာသူ တဦးသာ  ကိုဗစ်-၁၉ စစ်ဆေးတွေ့ထားပြီး အခုတော့ အဲဒီလူနာဟာလည်း နောက်ဆုံး ဓာတ်ခွဲအဖြေအရ ပိုးမတွေ့ရတော့ဘဲ ရောဂါကင်းစင်သွားပြီဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024