တမူးမြို့နယ်တွင် သေနတ်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးဒဏ်ရာရ
Aung Ko Latt
·
June 16, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ အမှတ် ၁ ရပ်ကွက်မှာ ဇွန်လ ၁၅ ရက် ည ၉ နာရီလောက်က ဆိုင်ကယ်စီးလာတဲ့ အမည်မသိသူတွေက လမ်းကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်အတွင်းမှာ နေထိုင်နေတဲ့ အမျိုးသမီး ၂ ဦး သေနတ်ဒဏ်ရာ ရပြီး ဆေးကုသမှုခံယူနေရပါတယ်။
ဆိုင်ကယ်စီးလာသူ အမည်မသိ အမျိုးသား ၂ ဦးက ဦးဌေးအောင်အိမ်ရှေ့ အရောက်မှာ ဆိုင်ကယ်နောက်က လိုက်ပါစီးလာသူက အိမ်ထဲကို ချိန်ရွယ်ပြီး သေနတ်နဲ့ ၂ ချက် ပစ်သွားခဲ့တာပါ။
ပစ်ခတ်မှုကြောင့် နေအိမ် ဝရန်တာမှာ ထိုင်နေတဲ့ ဦးဌေးအောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ကျိန်လော့နွမ်းယား (၄၀ နှစ်)မှာ ဘယ်လက်ခလယ် ပေါက်ပြဲဒဏ်ရာ ၁ ချက်နဲ့ အလည်လာသူ မဝုန်ညင်းကျိန် (၂၃ နှစ်)မှာ ညာလက်ညိုးထိပ် ပေါက်ပြဲ ဒဏ်ရာ ၁ ချက်တို့ အသီသီးရရှိခဲ့ကြတာပါ။
ခမ်းပတ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်းက "တရားခံမမိသေးတော့ ဘာကြောင့်ဆိုတာ အတိအကျတော့ မပြောနိုင်သေးဘူး။ ဒါပေမဲ့ အိမ်ရှင်ဖြစ်သူက ရပ်ကွက်ပြည်သူ့စစ် ခေါင်းဆောင် လည်း ဖြစ်တယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွလိုက်ပါပူးပေါင်း ဆောင်ရွက်နေသူလည်း ဖြစ်တယ်။ အဲဒီကိစ္စတွေနဲ့ဆက်စပ်မယ်လို့တော့ ခန့်မှန်းကြည့်ရတာပေါ့။ အတိအကျတော့ မသိရသေးပါဘူး။"လို့ ပြောပါတယ်။
သက်ဆိုင်ရာရဲ့ စစ်ဆေးချက်တွေအရ လမ်းမပေါ်မှာတော A-USA 9MM WGER စာတမ်းပါ ငွေရောင်ကျည်ခွံ ၂ ခုနဲ့ အိမ်ပြတင်းပေါက်မှာ စိုက်ဝင်နေတဲ့ ခဲသားကျည်ဖူး ၁ ခုတို့ကို တွေ့ရှိခဲ့ပါတယ်။
ခမ်းပတ်မြို့က ကလေး-တမူးလမ်းပေါ်မှာ ရှိပြီး မူးယစ်ဆေးဝါးတွေ မကြာခဏဆိုသလို ဖမ်းဆီးရမိလေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။
တရားခံဖမ်းဆီးရမိဖို့ ခမ်းပတ်မြို့ ရဲတပ်ဖွဲ့၊ နယ်မြေခံတပ်တို့ကနေ မြို့အဝင်အထွက်တွေကို လုံခြုံရေးတိုးမြှင့်နေပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။