Home
မြန်မာသတင်း
ပုသိမ် Quarantine စင်တာတွင် မူးယစ်ရမ်းကားသူ ၃ ဦး ထောင် ၃ လ ပြစ်ဒဏ်ချမှတ်ခံရ
DVB
·
June 16, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က  Quarantine စင်တာမှာ အရက်သေစာသောက်စား မူးယစ်ရမ်းကားခဲ့တဲ့ အမျိုးသား ၃ ဦးကို  မြို့နယ်တရားရုံးက ဇွန်လ ၁၅ ရက် ညနေပိုင်းမှာ အလုပ်နဲ့ ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ချမှတ်လိုက် ပါတယ်။ အဆိုပါ အမျိုးသား ၃ ဦးဟာ ထိုင်းနိုင်ငံက ပြန်လာပြီးနောက်  ပုသိမ်တက္ကသိုလ် နန္ဒဆောင်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံနေရစဉ် အရက်သေစာသောက်စားခဲ့ပြီး ဇွန်လ ၈ ရက် ညပိုင်းမှာ Quarantine စင်တာက တာဝန်ကျဝန်ထမ်းတွေနဲ့ စေတနာဝန့်ထမ်းတွေကို ဆဲဆို ရမ်းကားခဲ့လို့ Regional Quarantine တာဝန်ရှိသူ ဒေါက်တာ မြတ်မင်းထွန်း က တရားစွဲဆိုခဲ့တာပါ။ ဒေါက်တာ မြတ်မင်းထွန်း က “အဲဒီညက အရက်မူးပြီး ရမ်းကားတယ်။ ဒီမှာရှိတဲ့ ကြီးကြပ်အဖွဲ့တွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေက တားတယ်မရဘူး။ Quarantine စည်းကမ်း ကိုဖောက်ဖျက်တဲ့အတွက်ကြောင့် တရားစွဲဆိုလိုက်ရတာ။” လို့ ပြောပါတယ်။ မူးယစ်ရမ်းကားခဲ့တဲ့ အမျိုးသား ၃ ဦးဟာတားမြစ်ထားတဲ့ မိန်းကလေးတွေအခန်းတွေကို သွားရောက်ပြီး အခန်းတံခါးတွေ ခေါက်တာတွေ ဖုန်းနံပါတ်တောင်းတွေပြုလုပ်ခဲ့လို့ Quarantine ဝင်နေသူ အမျိုးသမီးတွေက သူတို့ လုံခြုံရေးအတွက် တာဝန်ရှိသူတွေကို ဖုန်းဆက် အကူညီတောင်းခံခဲ့ရပါတယ်။ အဆိုပါအမျိုးသား ၃ ဦးကို ဇွန်လ ၁၀ ရက်နေ့မှာ ပုသိမ်မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်စစ် ဆေးချိန်မှာ ဝန်မခံဘဲ ငြင်းဆိုခဲ့လို့ နှစ်ဘက်သက်သေတွေကို အပြန်အလှန်စစ်ဆေးပြီး ဇွန်လ ၁၅ ရက်နေ့ ၄ ကြိမ်မြောက်ရုံးချိန်မှာ အမိန့်ချမှတ်ခဲ့တာပါ။ အဆိုပါအမျိုးသား ၃ ဦးမှာ မြန်အောင်မြို့နယ်က ၂ ဦးနဲ့ ကျုံပျော်မြို့နယ်က ၁ ဦးဖြစ်ပြီး သူတို့ကို ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေပုဒ်မ ၁၈ အရ အလုပ်နဲ့ထောင်ဒဏ် ၃ လ ကျခံဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024