ဟောင်ကောင် Disneyland ဇွန် ၁၈ ပြန်ဖွင့်မည်

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် လနဲ့ချီပိတ်ထားခဲ့ရတဲ့ နာမည်ကျော် ဟောင်ကောင် Disneyland အပန်းဖြေ ကစားကွင်းကို ဇွန် ၁၈ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့လက ရှန်ဟိုင်း Disneyland အပန်းဖြေကစားကွင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဒစ္စနေးရဲ့ ဒုတိယမြောက်ဖွင့်လှစ်မှု ဖြစ်ပါတယ်။ ဟောင်ကောင် Disneyland ကို ၂၀၀၅ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တရက်ကို လာရောက်လည်ပတ်သူ ဦးရေ ၃၄,၀၀၀ လောက်ရှိကာ Disney အပန်းဖြေ ကစားကွင်းတွေထဲမှာတော့ အသေးဆုံး ကစားကွင်းတခု ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကတည်းက အချိန် ၅ လကြာ ပိတ်ထားခဲ့ရပြီးနောက် ပြန်လည်ဖွင့်လှစ်မှုမှာတော့ လာရောက်လည်ပတ်မယ့်သူတွေအနေနဲ့ အွန်လိုင်းမှတဆင့် တပတ်စောကာ ဘွတ်ကင်တင်ရမှာဖြစ်ပြီး ကစားကွင်းရဲ့ တနှစ်စာ အဖွဲ့ဝင် (Magic Access members) တွေကတော့ ကင်းလွတ်ခွင့်ရရှိမှာပါ။ ကစားကွင်းတွင်း လာရောက်ချိန်မှာလည်း ခန္ဓာကိုယ်အပူချိန် အဖျားတိုင်းတာတွေ၊ မျက်နှာဖုံး နှာခေါင်းစည်း Mask တပ်ဆင်တာမျိုးတွေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်ထားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဟောင်ကောင်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေဟာ ၁,၁၁၀ ယောက် ရှိခဲ့ပြီး သေဆုံးသူ ၄ ယောက် ရှိနေပါတယ်။ Disney ဟာ တကမ္ဘာလုံးမှာရှိတဲ့ အပန်းဖြေကစားကွင်းတွေကို လနဲ့ချီပြီး ပိတ်ထားခဲ့ရတာ ဖြစ်ပြီး အမေရိကန်နိုင်ငံက Disney World နဲ့ Disneyland အပန်းဖြေ ကစားကွင်းတွေကို ပြီးခဲ့တဲ့ မတ်လကတည်းက ပိတ်ထားခဲ့ရကာ ဒါဟာ ကစားကွင်းအနေနဲ့ သမိုင်းမှာ အရှည်ကြာဆုံး ပိတ်ထားရမှု ဖြစ်ပါတယ်။ လက်ရှိမှာတော့ Disney World အပန်းဖြေကစားကွင်းကိုတော့ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ အပြည့်အဝ ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားပြီး အစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up