Lockdown ချထားသည့် ကချင်ပြည်နယ်၊ ဝိန်ခမ်းကျေးရွာကို စားနပ်ရိက္ခာထောက်ပံ့
DVB
·
June 16, 2020
ကချင်ပြည်နယ်က ကိုဗစ်-၁၉ လူနာအမှတ် ၂၄၉ နေထိုင်ခဲ့တဲ့ လွယ်ဂျယ်မြို့နယ် ဝိန်ခမ်းကျေးရွာကို Lockdown ချထားတဲ့အတွက် ဇွန် ၁၄ ရက်နေ့မှာ လွယ်ဂျယ်မြို့နယ် ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးကော်မတီက ဆန်အပါအဝင်စားသောက်ကုန် ၈ မျိုးကိုထောက်ပံ့ခဲ့ပါတယ်။
လွယ်ဂျယ်မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက "လူနာ ၂၄၉ နဲ့ အနီးစပ်ဆုံးထိတွေ့ခဲ့တဲ့ ရွာထဲကလူ ၂၃ ဦးရှိပေမဲ့ တစ်ရွာလုံးကို လော့ဒေါင်းချ အသွားအလာကန့်သတ်လိုက်ပါတယ်။ တစ်ရွာလုံးမှ ၅၅ အိမ်ပဲရှိတာဆိုတော့ စားသောက်ကုန်တွေထောက်ပံ့ခဲ့ပါတယ်”လို့ ပြောပါတယ်။
လူနာအမှတ် ၂၄၉ ဟာ ဝိန်ခမ်းကျေးရွာမှာ သားဖွားဆရာမအဖြစ် တာဝန်ကျနေစဉ် မေလနဲ့ ဇွန်လတွေက လွယ်ဂျယ်မြို့နယ်စပ်ဝင်ပေါက် ထွက်ပေါက်တွေမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ရောဂါလက္ခဏာ မခံစားရဘဲ တာဝန်ကျဝန်ထမ်းတွေကို ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်ရာမှ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ဝိန်ခမ်းကျေးရွာသာ ၂၃ ဦးကိုလည်း တို့ဖတ်နမူနာရယူ ပို့ဆောင်စစ်ဆေးထားပါတယ်။
သတင်း - မုန်းမုန်းမင်း