ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းကိုအောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ပထမလှိုင်းကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီး ဖြစ်ပေမယ့် ဒုတိယက ပိုခက်ခဲမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ကတဆင့် ပြောကြားလိုက်ပါတယ်။ “ယခု ပထမ COVID လှိုင်းကို ကျွန်မတို့ အောင်မြင်စွာ ကျော်ဖြတ်ခဲ့ပါပြီ။ ဒုတိယက ပိုခက်ခဲမယ်လို့ ခန့်မှန်းတာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ အကောင်းဆုံးကို မျှော်လင့်ပြီး၊ အဆိုးဆုံးအတွက် အသင့်ပြင်ဆင်ထားရပါမယ်” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဇွန်လ ၁၅ ရက်နေ့က ရေးသားထားပါတယ်။ နိုင်ငံတွေအနေနဲ့ နောင်ဖြစ်နိုင်လာမယ့် ဖြစ်နိုင်ခြေရှိတာတွေကို မှန်းဆပြီး ဖြစ်လာသမျှကို ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားရတယ်လို့လည်း ဆိုပါတယ်။ ကိုဗစ်-၁၉ ရောဂါလို ကြိုတင်မှန်းဆလို့မရတဲ့ အရေးပေါ်အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ရိက္ခာ၊ ဘဏ္ဍာငွေ လုံလောက်ရေးကို သတိပြုရတာက အစိုးရတရပ်ရဲ့ နိစ္စဓူဝ တာဝန်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၂ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ  ၁၇၅ ဦးနဲ့ အဲဒီထဲက ၁၆၀ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ လတ်တလော ရောဂါစစ်ဆေးတွေ့ရှိချက်တွေအရ   မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း သိသိသာသာ လျော့နည်းသွားပြီဖြစ်ပြီး ပြည်ပနိုင်ငံတွေက ပြန်လာသူတွေဆီကသာ အဓိက ကူးစက်ခံနေရတာ ဖြစ်ပါတယ်။ ဓာတ်ပုံ- State Counsellor

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up