ကိုဗစ်-၁၉ လူနာ အမှတ် ၂၆၂ ဘင်္ဂလားဒေ့ရှ် ကူတူပါလောင်စခန်းမှ ပြန်လာသူဖြစ်
DVB
·
June 15, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ဒုတိယမြောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၂၆၂ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းမှ ဆေးကုသမှုခံယူပြီး ပြန်လာသူဖြစ်တယ်လို့ သိရပါတယ်။
ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က "သူက ဘူးတောင်မြို့ပေါ် အမှတ် (၄) ရပ်ကွက်မှာ နေတယ်။ နာတာရှည်ရောဂါ ရှိတယ်။ ဘင်္ဂလားကို မကြာမကြာဆေးသွားကုတယ်။ ကူတူပါလောင်ဒုက္ခသည်စခန်းမှာလည်း မယားငယ် တစ်ဦး ရှိတယ်။ အဲဒီမှာနေပြီး ဆေးကုနေတာ။ မေလထဲမှာ ဘူးသီးတောင်ကိုရောက်လာတယ်။ ဘယ်သူမှ မသိလိုက်ကြဘူး။ ဇွန်လ ၅ ရက်နေ့မှာမှ အိမ်နီးချင်းပတ်ဝန်းကျင်က လူတွေပြောလို့ သိရတာဖြစ်တယ်။ ရောဂါပိုးတွေ့ရှိတဲ့အခါမှ ဘင်္ဂလားကို ဆေးသွားကုတာ လို့ဝန်ခံတယ်။"လို့ ပြောပါတယ်။
အဆိုပါလူနာအမှတ် ၂၆၂ ဟာ အသက် ၆၃ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး ဘူးသီးတောင်မြို့ အမှတ်(၄)ရပ်ကွက်ရှိ သူရဲ့နေအိမ်မှာ Home Quarantine ထားရှိထားသူဖြစ်တယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။
ဘူးသီးတောင်မြို့နယ် ကျန်းမာရေးဝန်ထမ်းတစ်ဦးက "ဇွန်လ ၅ ရက်နေ့မှာ သူတို့နေအိမ်ကို သွားစစ်ကြတယ်။ မိသားစုဝင်တွေကပါ ဘင်္ဂလားက လာတာမဟုတ်ဘူးလို့ ငြင်းဆိုကြတယ်။ နောက်ပြီး ဘူးသီးတောင်မြို့နယ် တောင်ဘဇာ ကျေးရွာအုပ်စု ကျေးနုတ်သီးကျေးရွာမှာရှိတဲ့ သူ့နေအိမ်ကို ထွက်ပြေးသွားတယ်။ ကျေးနုတ်သီးကနေ ဖမ်းပို့ဖို့ပြောတော ဘူးသီးတောင်ကို ပြန်ထွက်ပြေးလာတယ်။ ဇွန်လ ၁၀ ရက်နေ့မှာ သူ့ရဲ့ နှာခေါင်း နဲ့ အာခေါင်တို့ပတ်တွေကို ဓာတ်ခွဲ စစ်ဆေးဖို့ ပို့လိုက်တယ်။ ဒီနေ့ ၁၅ ရက်နေ့မနက် မှာအဖြေသိရတယ်။"လို့ ပြောပါတယ်။
အဆိုပါ လူနာဟာ ဘယ်နေ့က ဘင်္ဂလားဒေ့ရှ်ကိုသွားလို့ ဘယ်နေ့ပြန်လာသလဲ ဆိုတာ ဘယ်သူမှ မသိရှိထားသလို ခုလို ခိုးဝင်ပြီး ပြန်လာသူတွေ ဘူးသီးတောင်မြို့နယ်ထဲမှာ များစွာရှိနေနိုင်သေးတယ်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောပါတယ်။
"ရှိနိုင်ပါတယ်။ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ ဘယ်နှစ်ဦး ခိုးဝင်နေလဲပေါ့လေ။ ဒါကြောင့် မနက်ဖြန် ကျေးရွာအုပ်ချုပ်ရေးမှူးတွေအားလုံးကို ခေါ်ယူပြီး အစည်းအဝေးပြုလုပ်ဖို့ ရှိတယ်။ အဲ့ဒီမှာ ခိုးဝင်လာတာကို သိလျှက်နဲ့မပြောဘဲ ထိန်ချန်ထားသူကို ဥပဒေအရ အရေးယူသွားမယ်။ သမ္မတရုံးကလည်း ထုတ်ပြန်ထားပြီးဖြစ်တယ်။"လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးရွှေလှအောင်က ပြောပါတယ်။
လက်ရှိမှာ လူနာအမှတ် ၂၆၂ နဲ့ ထိတွေ့သူ ၂၉ ဦးကို မောင်တောမြို့ရှိ လှဖိုးခေါင်ပြန်လည်လက်ခံစခန်းသို့ ပို့ဆောင်သွားဖို့ရှိနေပါတယ်။
ဘူးသီးတောင်မှာ ပထမဆုံး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ လူနာအမှတ်၂၅၀ နဲ့ထိတွေ့ခဲ့သူ ၇ ဦးကိုလည်း ဇွန်လ ၁၄ ရက်ရက်က လှဖိုးခေါင်စခန်းသို့ ပို့ဆောင်ထားပြီလို့ ဘူးသီးတောင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
လင်းလက်