Home
ဆောင်းပါး
ရင်ကြားစေ့ရေးကြိုးကို ခပ်တင်းတင်းထားစေလို
DVB
·
June 15, 2020
ပြည်ခိုင်ဖြိုးအစိုးရ ပြန်လည်ပေးသွင်းရမယ့် ကြွေးကျန်ကိစ္စကို ပြန်ကြားရေး  ပြည်ထောင်စုဝန်ကြီးဟောင်း ဦးရဲထွဋ် ဝင်ရှင်းလိုက်ကာမှ ပြည်ခိုင်ဖြိုးအတွက် ကြမ္မာဆိုးဖြစ်သွားတယ်။ ရွေးကောက်ပွဲနီးမှ ကြမ္မာဆိုးဝင်တယ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ မူလသတင်းကို မူလအတိုင်းထားလိုက်ရင် ပြည်ခိုင်ဖြိုးအတွက် သာမန်အဆင့်သာ ရှိနိုင်ပေမယ့် ဦးရဲထွဋ် ဖြေရှင်းလိုက်ကာမှ ပြောချင်စရာ ဖြစ်သွားတယ်။ ပြည်ခိုင်ဖြိုးအစိုးရ ငါးနှစ်တာ ကာလအတွင်း ပြန်လည်ပေးသွင်းရမယ့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကြွေးကျန် ကျပ်သန်းပေါင်း ၃၁၇၀ ကိစ္စဟာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်‌တွေ လုပ်ဆောင်ခဲ့တဲ့ အရှက်ရစရာကိစ္စ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးရဲထွဋ်က သူ့ရဲ့ Facebook စာမျက်နှာမှာ  ဇွန်လ ၁၀နေ့က ရေးသားဖြေရှင်းထားတာပါ။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးနဲ့ ရန်ကုန်တိုင်းဒေသကြီးက ငွေကြွေးကျန်ကိစ္စ ဖြစ်ပါတယ်။ တကယ်ဆိုရင် ငွေပြန်သွင်းလိုက်တဲ့ မကွေးနဲ့ ဧရာ၀တီတိုင်းဒေသကြီး အပါအဝင်ဆိုရင် အားလုံးပေါင်း  ခြောက်ခု ဖြစ်ပါတယ်။ ဒီဖြစ်စဉ်အပေါ် ဦးရဲထွဋ်က “တိုင်းဒေသကြီးနဲ့ ပြည်နယ် ၀န်ကြီးချုပ်  အချို့ဟာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွေကို ‘ငါတို့ ရှာထားတဲ့ငွေတွေ၊ ငါတို့ ကြိုက်သလို သုံးမယ်” ဆိုတဲ့ စဉ်းစားတွေးခေါ်ပုံမျိုးနဲ့ လုပ်ဆောင်ခဲ့တဲ့အတွက် အခုလို အရှက်ရစရာအဖြစ်အပျက်တွေနဲ့ ကြုံလာရတာပဲ ဖြစ်ပါတယ်” လို့ ဖြေရှင်းပါတယ်။ ဒီကိစ္စဟာ ပါတီနဲ့မဆိုင်ဘူး၊ ပြုလုပ်သူတွေနဲ့ပဲ ဆိုင်တယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ ဦးရဲထွဋ်‌ ပြောသလို  ရန်ပုံငွေကို ငါရှာတဲ့ငွေ ငါပိုင်တယ် သဘောထားခဲ့ကြသူတွေဟာ အစိုးရ ဆိုတဲ့ အာဏာနဲ့သာ ငွေရှာနိုင်တာပါ၊ တစ်နည်းပြောရရင် အစိုးရခေါင်းစဉ်နဲ့သာ ငွေရှာနိုင်ကြတာပါ၊  ငွေရှာခဲ့ပုံကို ကြည့်ရင်လည်း ပြည်သူပိုင်မြေကို ရောင်းတယ်၊ လုပ်ပိုင်ခွင့် ပါမစ်ချပေးပြီး ရန်ပုံငွေထည့်ခိုင်းတယ်၊  စီးပွားရေးလုပ်ငန်းရှင်တွေထံကနေ အလှူခံတယ်လို့ ဆိုပါတယ်။  အခုလို တိုင်းနဲ့ပြည်နယ် ဒေသဖွံ့ဖြိုးရေးရန်ပုံ‌ငွေ ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် နိုင်ငံပိုင်မြေကို ရောင်းတာ၊ တရားဝင်အခွန်ငွေမဟုတ်တဲ့ အလှူ‌ငွေကောက်ခံတဲ့နည်းနဲ့ ငွေရှာရတဲ့ စနစ်ဟာ တပ်မတော်အစိုးရလက်ထက် ၁၉၈၈ ခုနှစ်ကတည်းက စတင်ခဲ့တာလို့ ဦးရဲထွဋ်က ရေးတယ်။ ဒီစနစ်ကို ခံတွင်းတွေ့ပြီး ပြည်ခိုင်ဖြိုးအစိုးရလက်ထက်အထိ ကျင့်သုံးခဲ့တာ ဖြစ်နိုင်ပါတယ်။ အလှူခံတဲ့စနစ်ဟာ အစိုးရထိပ်ပိုင်းအဆင့်မှာတင် ကျင့်သုံးတာမဟုတ်ပဲ ဌာနဆိုင်ရာ အောက်ခြေအဆင့်တွေမှာပါ အလှူခံပုံးလေးတွေ ထားရှိပြီး “စေတနာရှိသလောက် အလှူငွေထည့်ပါ” ဆိုတဲ့စကား တွင်ကျယ်ခဲ့တာ ခုထိပါပဲ။ ရပ်ကျေးအဆင့်ထိပါပဲ။ အလှူငွေကို မိမိငွေလို သဘောထားခဲ့တာနဲ့ပတ်သက်ပြီး ဦးရဲထွဋ်က အရှက်ကွဲရတဲ့အကြောင်း အခုလို ပြောပါသေးတယ်။ “တကယ်တော့ ရိုးရိုးလေး စဉ်းစားရင်တောင် အလှူငွေပေးတယ်ဆိုတာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရကို ပေးတာလေ၊ ၀န်ကြီးချုပ် ဦးဖြူ လိုရာသုံးပါလို့ ပေးတာမှ မဟုတ်ဘဲ၊ ဦးဖြူ တာ၀န်မယူတော့ရင် နောက်၀န်ကြီးချုပ်က ဆက်တာ၀န်ယူ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်၊ အဲဒါကို မမြင်နိုင်အောင် အတ္တမာနတွေ ဖုံးနေတဲ့အတွက် အခုလို အရှက်ကွဲရတာပါပဲ။” တကယ်တော့ ပါတီကို မထိအောင်၊ မဆိုင်သူတွေကို မထိအောင်  ဦးရဲထွဋ်က cover လုပ်တဲ့သဘောဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီ coverဟာ မထိရောက်ဘူးလို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုရင် ငွေကြေးအလွဲသုံးခဲ့သူတွေဟာ လက်ရှိပါတီဝင်တွေ ဖြစ်နေတာရယ် ဒီကိစ္စအတွက် ပါတီက ပြတ်သားတဲ့ အရေးယူမှုမရှိတာရယ်ကြောင့် ငွေကြေးအလွဲသုံးကိစ္စကို ပါတီက လက်ခံတဲ့သဘော သက်ရောက်နေတာပါ။  ဒါကြောင့် ဦးရဲထွဋ်ရဲ့ ရှင်းလင်းချက်ဟာ ထိရောက်တဲ့ cover မဖြစ်ခဲ့ပါဘူး။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်တယ်လို့ ယူဆကြမှာ မဟုတ်ပါဘူး။ နဂိုကတည်းက အနံ့အကောင်းခဲ့တာမို့ ဒီပုတ်ထဲက ဒီပဲလို့ ယူဆကြပါလိမ့်မယ်။ ပြည်ခိုင်ဖြိုးပါတီဝင် အကြီးအကဲတွေဟာ အမိန့်မနာခံသူတွေဖြစ်ကြောင်း ဦးရဲထွဋ်က ကိုယ့်ပေါင်ကိုယ် လှန်ထောင်းပြန်တယ်။ “ဦးသန်းရွှေရဲ့  ခေါင်းဆောင်မှုပုံစံနဲ့ နေသားကျလာတဲ့ ဝန်ကြီးများဟာ ဦးသိန်းစိန်ကို  ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် လေးစားကြသော်လည်း မကြောက်ကြချေ။ သူတို့  အမိန့်မနာခံသော်လည်း ဦးသိန်းစိန်က  သူတို့ကို ပစ်ပစ်ခါခါ အရေးယူမှု လုပ်လိမ့်မည် မဟုတ်ဆိုတာ သိပြီးဖြစ်သည်။” ငွေကြေးနဲ့ပတ်သက်ရင် အမိန့်မနာခံတာ ဥပဒေချိုးဖောက်တာ အစဉ်အလာလို ဖြစ်နေပါပြီ။ ပြည်ခိုင်ဖြိုးပါတီနဲ့ ပြည်ခိုင်ဖြိုးအစိုးရရဲ့ အတွင်းရေးသိနေသူတစ်ယောက်က အတွင်းရေးတွေ ဖွင့်ချလာခြင်းက ပါတီအတွက် ကြမ္မာဆိုးပါပဲ။  ခေါင်းဆောင်ရဲ့ လမ်းညွှန်ချက်တွေ၊ မူဝါဒတွေကို အလေးမထားတာ ပေါ်လွင်စေပါတယ်။ “တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအချို့ရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ အရှုပ်အရှင်းတွေဟာ ပြည်ခိုင်ဖြိုးပါတီပုံရိပ်ကို အများကြီးထိခိုက်စေတယ်။ ဒီကိစ္စတွေအတွက် တာ၀န်ရှိသူတချို့ဟာ အခုအချိန်ထိ ပါတီတာ၀န်တွေ ထမ်းဆောင်နေဆဲဖြစ်တယ်။ တချို့က လာမယ့် ရွေးကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်ကောင်း ယှဉ်ပြိုင်လိမ့်မယ်ထင်တယ်။ ဒီပုဂ္ဂိုလ်တွေကို ပြည်ခိုင်ဖြိုးပါတီက ဘယ်လို စိစစ်မလဲ၊ ဘယ်လို သုံးသပ်မလဲ၊ ဘာတွေဆုံးဖြတ်မလဲ၊ ကာယကံရှင်တွေကရော ဘယ်လို တာ၀န်ယူမလဲ၊ တာ၀န်ခံမလဲ ဆိုတာ မဲဆန္ဒရှင်တွေက  စောင့်ကြည့်နေမှာပဲ” လို့ ဦးရဲထွဋ် ပြောတဲ့အချက်ဟာ မြေကြီးလက်ခတ်မလွဲပါပဲ။  ပြည်ခိုင်ဖြိုးဟာ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ရပါတယ်၊ ပြည်သူအများစုရဲ့ ငြိုငြင်စိတ်မကုန်ခင်မှာ အခုလို သတင်းထပ်မံပေါ်ထွက်လာတာဟာ ပါတီပုံရိပ်ကို များစွာထိခိုက်စေပါတယ်။ ကျဆင်းသွားတဲ့ ပါတီရဲ့ဂုဏ်သိက္ခာကို ပြန်မြင့်စေဖို့အတွက် ငွေကြေးအလွဲသုံးသူတွေကို ပါတီက ထုတ်ပယ်တာမျိုးမဟုတ်ဘဲ ထိရောက်တဲ့အရေးယူမှုမျိုး ပြုလုပ်သင့်တယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ ပြည်ခိုင်ဖြိုး ဒီလိုလုပ်ပါ့မလား၊ ပါတီဂုဏ်သိက္ခာကို ပြန်ဆယ်တဲ့အနေနဲ့ ထိရောက်တဲ့ အရေးယူမှုတခုခု ပြုလုပ်ခဲ့ရင် တနွယ်ငင်တစင်ပါတွေ ပေါ်ထွက်လာနိုင်သလို အကြောင်းသိတွေမို့ ရှဉ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ သဘောမျှသာ လုပ်ဆောင်မယ် ထင်ပါတယ်။  ခုလောလောဆယ်တော့ ပြည်ခိုင်ဖြိုးပါတီက ဒီကိစ္စနဲ့ပတ်သက်ပြီး ငြိမ်သက်နေပါတယ်။ ဒီနေရာမှာ အန်အယ်လ်ဒီ အစိုးရကလည်း ရှဉ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ စနစ် ကျင့်သုံးလိမ့်မယ်ဆိုတာ မကွေးနဲ့ ဧရာဝတီတိုင်းဒေသကြီးက သာဓကပါ။ အဲဒီဒေသနှစ်ခုက ငွေကြွေးကျန် ပြန်လည်ပေးသွင်းပြီးပြီမို့  ပြည်နယ်နှစ်ခုနဲ့ တိုင်းဒေသပြီးနှစ်ခု ကျန်နေတာပါ။ လက်ရှိအစိုးရသက်တမ်းလည်း ကုန်လုပြီမို့ ငွေကြွေးကျန်တွေကို ပြန်လည်ပေးသွင်းပါ့မလား။ အသုံးအနှုန်းကိုက အကြွေးကျန်လို့ ခေါင်းစဉ်တပ်ထားပါတယ်၊ ငွေကြေးအလွဲသုံးစား ဒါမှမဟုတ် အဂတိရယ်လို့ ခေါင်းစဉ်တပ်မထားပါဘူး။ အခု ဒေသခြောက်ခုကိစ္စဟာ ငွေချေးထားတာ မဟုတ်လို့ အကြွေးကျန်လို့ သုံးနှုန်းတာဟာ သက်သာခွင့်ပေးတဲ့သဘောလား အရေးမယူရဲတာလားဆိုတာ ဝေခွဲမရနိုင်အောင်ပါပဲ။ ကြွေးကျန်ဆိုတဲ့ အသုံးအနှုန်းကပဲ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ခေါင်းစဉ်ဖြစ်ပါတယ်။ ငွေကြေးအလွဲသုံးသူကို တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်လို အရေးယူတာမျိုးမလုပ်ဘဲ ငွေပြန်ပေးစနစ် ကျင့်သုံးတာဟာ အန်အယ်လ်ဒီ အစိုးရရဲ့ တရားမျှတမှုကို မီးမောင်းထိုးပြနေသလိုပါပဲ။ တရားမျှတမှုကို အင်္ဂတေလို လိုသလို ပုံဖော်ဖို့ မသင့်ပါဘူး။ ကာယကံရှင်တွေကို ဘာကြောင့် အ‌ရေးမယူတာလဲ၊ တချို့က နောက်ကြောင်းပြန် အရေးမယူရ ဥပဒေကြောင့်လို့ ယူဆထားကြတယ်။ ဒီဥပဒေကို တချို့က တက်သုတ်ရိုက်လို့ ခေါ်တယ်၊ တချို့က ဖုတ်ပူမီးတိုက်ဥပ‌ဒေလို့ တင်စားကြတယ်၊ တချို့က ကသုတ်ကရက် ဥပဒေလို့‌ နာမသမုတ်တယ်၊ ဒီအသုံးအနှုန်းကို ပြန်သတိရစေဖို့ အရင်ဆုံး အနည်းငယ်ပြောပါရစေ၊ ပြည်ခိုင်ဖြိုးပါတီဟာ  ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ  သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ NLD ပါတီကို အာဏာလွှဲပြောင်းဖို့ နီးကပ်လွန်းနေတဲ့ ကာလလေးမှာ နောက်ကြောင်းပြန် အရေးမယူရဆိုတဲ့ ဥပဒေကို ခပ်မြန်မြန်ပြဋ္ဌာန်းခဲ့တာမို့ နာမစုံလင် တင်စားကြတာပါ။ အာဏာလွှဲ‌ပေးရတော့မယ့်အချိန် သမ္မတတာဝန်ထမ်းဆောင်တဲ့ ဦးသိန်းစိန်ဟာ  သူ့နောင်ရေးအတွက် အကာအကွယ်ပေးနိုင်မယ့် ဥပဒေတရပ်ကို ပြည်ခိုင်ဖြိုး စိုးမိုးနေတဲ့ လွှတ်တော်အဟောင်း နောက်ဆုံးအကြိမ်အစည်းအဝေးမှာ “သမ္မဟောင်း၏လုံခြုံရေးဥပဒေ”အဖြစ် ကသုတ်ကရက် ပြဋ္ဌာန်းခဲ့တာပါ။ အဲဒီဥပဒေအရ  သမ္မတ သက်တမ်းအတွင်း ဥပဒေအရ ဆောင်ရွက်ခဲ့သည်များကို တရားစွဲဆိုမှုမှ ကင်းလွတ်ခွင့်ကို သမ္မတ‌ဟောင်း ဦးသိန်းစိန် တစ်ဦးတည်းအတွက်မဟုတ်ဘဲ သမ္မတတာဝန် ထမ်းဆောင်သူအားလုံး ရရှိသွားတာပါ။ နောက်ကြောင်းပြန် တရားစွဲဆိုမှုမှကင်းလွတ်ခွင့်ဥပဒေ (သမ္မတဟောင်း၏ လုံခြုံရေးဆိုင်ရာ ဥပဒေ ၂၀၁၅) ဟာ သမ္မတ တစ်ဦးတည်းကိုသာ ကင်းလွတ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်နဲ့‌ အောက်ပိုင်းရာထူးတွေ ကင်းလွတ်ခွင့်ထဲ ပါဝင်ခြင်းမရှိပါဘူး။ ဒါကြောင့် အပြစ်လုပ်ရဲသူကို အရေးယူရဲသူရှိမှ နိုင်ငံတိုးတက်မှာ ဖြစ်ပါတယ်။ အရာအားလုံးကို ရင်ကြားစေ့ရေး ခေါင်းစဉ်အောက် ထည့်သွင်းဖို့မသင့်ဘူးလို့ ပြောချင်ပါတယ်။ အခုဆိုရင် အန်အယ်လ်ဒီအစိုးရသက်တမ်းဟာ ငါးနှစ်ပြည့်ဖို့ လပိုင်းမျှသာ လိုပါတော့တယ်။ နောက်ငါးနှစ်အတွက် ရွေးကောက်ပွဲကို နိုဝင်ဘာလထဲမှာ ကျင်းပပါတော့မယ်။ ငါးနှစ်ပြည့်တော့မယ့် ကာလအထိ ကြွေးကျန်လို့ပြောတဲ့ ကျပ်သန်းပေါင်း ၃၁၇၀ ကို  ပြန်လည်ပေးဆပ်ခြင်း မရှိသေးပါဘူး. အကယ်၍များ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး အနိုင်ရခဲ့ရင် အဲဒီငွေတွေဟာ စာရင်းပျောက်ဖြစ်နိုင်ခြေ ရာခိုင်နှုန်းများပါတယ်။ “လူက အုပ်ချုပ်တာထက် တရားဥပဒေက အုပ်ချုပ်တာကို ကျနော်တို့ လိုလားသည်။ ဟိုလူကိုတမျိုး သည်လူကိုတမျိုး ဥပဒေကဘက်လိုက် ကာကွယ်နေတာတွေကို ကျနော်တို့ စစ်အစိုးရလက်ထက်ကတည်းက စိတ်ကုန်လှပြီ” လို့ဆောင်းပါးရှင် ဆရာသရဝဏ်(ပြည်)က ရေးဖူးပါတယ်။ စင်စစ်အားဖြင့် ဒီငွေတွေဟာ ပြည်သူပိုင်ငွေဖြစ်ပါတယ်၊ ပြည်သူပိုင်ငွေနဲ့ မိသားစုစီးပွားရေးမှာ အသုံးချခဲ့တဲ့ ငါးနှစ်ပြည့်လုနီးပါး ဖြစ်နေပါပြီ၊ ပြည်သူပိုင်ငွေကို အသုံးချသူတွေ ချမ်းသာပြီး နိုင်ငံဆင်းရဲနေတာမို့ ထိရောက်တဲ့အရေးယူမှုမျိုး လုပ်ဆောင်သင့်ပါပြီ။ ဒီလို အဂတိတွေ ကြီးထွားခဲ့လို့ နိုင်ငံဆင်းရဲတွင်းနက်နေတာလားလို့ စဉ်းစားစရာ မလိုလောက်အောင် ပေါ်လွင်နေတာမို့ ပြတ်ပြတ်သားသား တိုက်ထုတ်သင့်ပါတယ်။ အခုလို ဘူးပေါ်သလို ပေါ်လာတဲ့ အဂတိကိစ္စတွေကို ရင်ကြားစေ့ရေး ခေါင်းစဉ်အောက်မှာ ထားမယ်ဆိုရင်လည်း ရင်ကြားစေ့ရေးကြိုးကို လျှော့မထားဘဲ ခပ်တင်းတင်းထားသင့်ကြောင်းပါ ခင်ဗျာ။ ။ ဇွဲ၀ဏ္ဏ(ကျုံပျော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024