MNL လက်ကျန်ပွဲများ ပရိသတ်မပါဘဲ ဇူလိုင်ဒုတိယပတ် ပြန်စရန် စီစဉ်

Photo : Myanmar Football Federation
ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းထားတဲ့ ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲတွေကို ဇူလိုင် ၁၆ ရက်ကနေ စက်တင်ဘာလ ၆ ရက်အထိ ပရိသတ်မပါဘဲ ကျင်းပဖို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီက သတ်မှတ်လိုက်ပါတယ်။ ပြိုင်ပွဲကို အရင်က ဧပြီလ ၈ ရက်မှာ စတင်ကျင်းပဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတာပါ။ ဇွန်လ ၁၂ ရက်က ကလပ်အသင်းတွေနဲ့ အစည်းအဝေးလုပ်ပြီးနောက် ကျင်းပမယ့်ရက်နဲ့ ကွင်းတွေကို အတည်ပြုနိုင်ခဲ့တာပါ။ လက်ရှိနိုင်ငံစီးပွားရေးအခြေအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေတွေအရ ကလပ်အသင်းပိုင်ရှင်တွေ အခက်အခဲများစွာ ရှိတာကို သိရှိနားလည်ကြောင်း၊ လတ်တလော အခြေအနေ အခက်အခဲများစွာ ရှိနေလို့ ဆက်မလုပ်နိုင်တော့တဲ့ ကလပ်အသင်းတွေကိုလည်း စာနာနားလည်တယ်လို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကားမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ “ကိုဗစ်ရောဂါအခြေအနေတွေကြောင့် မိမိတို့ဘောလုံးပြိုင်ပွဲတွေကို အချိန်အတော်ကြာ ရပ်နားခဲ့ရလို့ မိမိတို့အားလုံးအတွက်လည်း ထိခိုက်မှုတွေ အခက်အခဲတွေ ရှိခဲ့ပါကြောင်း၊ သို့သော် တကမ္ဘာလုံးအနေအထားနဲ့ ဖြစ်ပွားခဲ့၍ ဘာမျှမတတ်နိုင်ပါကြောင်း၊ အခုအခါ အခြေအနေ အနည်းငယ် တည်ငြိမ်စပြုလာပြီဟု ခန့်မှန်းရ၍ မိမိတို့ရဲ့ ဘောလုံးပြိုင်ပွဲတွေကိုလည်း မကြာခင် ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မိမိတို့အနေနဲ့ ဘောလုံးပွဲတွေကို ဇူလိုင်လ အတွင်း ပြစနိုင်ဖို့ နိုင်ငံတော်အစိုးရဆီ ခွင့်ပြုချက်တောင်းခံသွားမှာဖြစ်ကြောင်း၊ ပြန်ကျင်းပခွင့်ရတဲ့အချိန်မှာ ဘောလုံးပွဲများကို ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ စနစ်တကျ ပြန်လည်ကျင်းပနိုင်ဖို့နဲ့ လောလောဆယ် အနေအထားအရ ရန်ကုန်မှာပင် ပရိသတ်မပါဘဲ ကစားနိုင်ဖို့ကို စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း” ဦးဇော်ဇော်က ပြောပါတယ်။  ဒါ့အပြင် ပြန်လည်စတင်မယ့် လိဂ်ပြိုင်ပွဲတွေကိုလည်း ကလပ်အသင်းတွေ ငွေကြေး ကုန်ကျမှု သက်သာစေနိုင်ဖို့နဲ့ နိုင်ငံတကာပြိုင်ပွဲတွေအတွက် လက်ရွေးစင်အသင်း ပြင်ဆင်လေ့ကျင့်ချိန် အနည်းငယ်ပိုရနိုင်ဖို့နဲ့ နှစ်လကျော်အချိန်အတွင်း အပြီးအပြတ် ကျင်းပဖို့ စီစဉ်ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့အပါအဝင် ဘောလုံး စပွန်ဆာတွေနဲ့ ကလပ်အသင်းတွေအတွက်ရော ဘောလုံးပရိသတ်တွေအတွက်ပါ ပြန်လည်စတင်ခွင့်ရမယ့် အချိန်မှာ တတ်နိုင်သမျှ စောစောစတင်သွားနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဦးဇော်ဇော်က ပြောပါတယ်။ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က အခုရာသီ MNL-1 နဲ့ MNL-2 စီနီယာအမှတ်ပေးပြိုင်ပွဲတွေနဲ့ ရှုံးထွက်ပြိုင်ပွဲ ပြန်လည်စတင်ဖို့ လျာထားသည့်ရက်၊ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ ရန်ကုန်မြို့မှာသာ ကွင်းပိတ်ကျင်းပမယ့် အစီအစဉ် (A-Plan နှင့် B-Plan)၊ ပြိုင်ပွဲတွေ ကျင်းပမယ့် ကြာမြင့်ချိန်နဲ့ သက်ဆိုင်ရာကို ပြိုင်ပွဲကျင်းပခွင့်ရဖို့ တင်ပြသွားမည့် Plan တွေကို အစည်းအဝေးမှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။ အစည်းအဝေးမှာ ကလပ်အသင်းအားလုံးရဲ့ သဘောတူ ဆုံးဖြတ်ချက်အရ ပြိုင်ပွဲတွေ ပြန်ကျင်းပနိုင်ဖို့ နိုင်ငံတော်အစိုးရကို အခုရက်ပိုင်းအတွင်း ခွင့်ပြုချက်တောင်းခံသွားမယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ ခွင့်ပြုပါက MPT Myanmar National League 2020 စီနီယာလိဂ်ပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ သုဝဏ္ဏကွင်း၊ YUSC ကွင်း၊ ပဒုမ္မာကွင်းတွေမှာ ကျင်းပသွားမှာပါ။ MPT Myanmar National League II 2020 စီနီယာလိဂ် ဒုတိယရာသီဝက်ပြိုင်ပွဲကိုတော့ ဇူလိုင် ၂၂ ရက်မှ သြဂုတ် ၂၈ ရက်အထိ ပဒုမ္မာကွင်း၊ စလင်းကွင်း၊ ဗဟန်း M-3 ကွင်းနဲ့ တောင်ဒဂုံကွင်းတွေမှာ ကျင်းပမယ်လို့ သိရပါတယ်။ အလားတူ ၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်၊ General Aung San Shield 2020 ရှုံးထွက်ပြိုင်ပွဲကို ဇူလိုင်လ ၁၆ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း၊ စလင်းကွင်း၊ ဗဟန်း M-3 ကွင်းနဲ့ တောင်ဒဂုံကွင်းတွေမှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပြိုင်ပွဲကျင်းပမယ့် ပွဲစဉ်ဇယားအသေးစိတ်ကို ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ကျင်းပသွားမှာဖြစ်လို့ မကြာမီရက်ပိုင်းအတွင်း ကလပ်အသင်း တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ ထုတ်ပြန်ပေးသွားမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up