ဘူးသီးတောင်မြို့နေ ဘင်္ဂလားဒေ့ရှ်က ပြန်လာသူ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
DVB
·
June 15, 2020
ဇွန် ၁၄ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၉၉၄ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၂၄၁ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၆၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၃၇၅ ခုနဲ့ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး၊ ခုတင် ၁၀၀၀ က ဓာတ်ခွဲနမူနာ ၂၁၄ ခု၊ စုစုပေါင်းဓာတ်ခွဲနမူနာ ၁,၉၉၄ ခုအား စစ်ဆေးပြီးစီးခဲ့တာပါ။
လူနာသစ် အမှတ် ၂၆၂ နှစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ ဘူးသီးတောင်မြို့နေ အသက် ၆၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အသွားအလာကန့်သတ် စောင့်ကြည့်ထားသူဖြစ်ပါတယ်။ လက်ရှိမှာတော့ လူနာကို ဘူးသီးတောင်ပြည့်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၂ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးမှုမှာ နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၁၆၇ ဦးရှိပါတယ်။
အဲဒီထဲက ၁၅၈ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကာ သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ပြီး ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ဆိုပါတယ်။
ဇွန် ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီကနေ ၁၄ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအထိ စောင့်ကြည့်လူနာအသစ် ၃၈ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဒသမ ၉ သန်းကျော်နဲ့ သေဆုံးသူ ၄ သိန်း ၃ သောင်းကျော်၊ ပြန်လည်ကောင်းမွန်လာသူ ၄ ဒသမ ၁ သန်းကျော်ရှိတယ်လို့ သိရပါတယ်။