မာန်အောင်မြို့နယ် NLD ပါတီ ကိုယ်စားလှယ်လောင်းများ ရွေးချယ်
DVB
·
June 14, 2020
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မာန်အောင်မြို့နယ် NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲကို မြို့နယ်ပါတီရုံးခန်းမမှာ ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကိုယ်စားလှယ် ရွေးချယ်ပွဲမှာ မာန်အောင်မြို့နယ် NLD ပါတီက ကိုယ်စားလှယ် ၁၀ ဦး လျှောက်လွှာတင် ယှဉ်ပြိုင်ခဲ့ကြပြီး မဲအများဆုံးရတဲ့ ကိုယ်စားလှယ်တွေကို ပထမ ဦးစားပေး၊ ဒုတိယဦးစားပေးအဖြစ် သတ်မှတ်ရွေးချယ်ထားတယ်လို့ မာန်အောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးဆိတ်တောင်းက DVB ကို ပြောပါတယ်။
“အမျိုးသားလွှတ်တော်မှာက တစ်ဦးတည်း ပါဝင်ယှဉ်ပြိုင်သူရှိတယ်။ ပြီးတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှာတော့ ၃ ဦး ယှဉ်ပြိုင်တယ်။ မဲအများဆုံး ၂ ဦးကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးထားတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် ၁ မှာက ၂ ယောက် ယှဉ်ပြိုင်တယ်။ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေး ဆိုပြီး မဲအပေါ် ဆုံးဖြတ်ထားတယ်။ အမှတ် ၂ မှာကတော့ ၄ ယောက် ယှဉ်ပြိုင်တယ်။ မဲအများဆုံး ၂ ယောက်ကို ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်ထားတယ်။ ဒီစာရင်းတွေကို ကျနော်တို့က ပြည်နယ်ကို ပို့ရမှာပါ။ ပြီးမှ ပြည်နယ်က စစ်ဆေးပြီး ၁ ယောက်ကို အတည်ပြုရမယ်။”
မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပထမဦးစားပေး ကိုယ်စားလှယ်လောင်း ဦးစိုးနိုင်ကို သတ်မှတ်ထားပြီး ဒုတိယဦးစားပေး ဒေါ်ခင်ထိပ်ထားလှိုင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစန်းဝေကို ရွေးချယ်ထားပါတယ်။
ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒ အမှတ်-၁ အနေနဲ့ ပထမဦးစားပေး ဒေါ်မရွဲ၊ ဒုတိယဦးစားပေး ဒေါ်ခင်မာစန်းနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒ အမှတ်-၂ အနေနဲ့ ပထမ ဦးစားပေး ဦးတင်နုအောင်နဲ့ ဒုတိယဦးစားပေး ဦးဖိုးနွဲ့တို့ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။
အဲဒီရွေးချယ်ပွဲကို မာန်အောင်မြို့နယ် မြို့မိမြို့ဖ အပါအဝင် ပါတီတွင်းမှ လူဦးရေ ၂၈ ဦး တက်ရောက်ခဲ့ပြီး ကိုယ်စားလှယ်လောင်းတွေကို သေချာစိစစ်စွာ မဲစနစ်နဲ့ ရွေးချယ်ခဲ့ကြောင်း မာန်အောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရုံးက သိရပါတယ်။
ယူမင်းစိုး