ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရန် မြင်းခွာပုံလင်းနို့များထံမှ ထိုင်းသုတေသီများ နမူနာစကောက်

ထိုင်းသုတေသီတွေဟာ ဒေသခံတွေအတွက် ခြိမ်းခြောက်မှုဖြစ်မှာစိုးရိမ်လို့ ကိုရိုနာဗိုင်းရပ်စ် အတွက် စမ်းသပ်ဖို့ မြင်းခွာပုံလင်းနို့တွေဆီက နမူနာတွေကို စတင်ကောက်ယူနေပြီလို့ ထိုင်းအစိုးရ က ဇွန် ၁၃ ရက်မှာ ပြောပါတယ်။ ထိုင်းအရှေ့တောင်ပိုင်း ချန်တာဘူရီခရိုင် ဂူထဲကနေ ၃ ရက်အတွင်း လင်းနို့ကောင်ရေ ၃၀၀ ကို စုဆောင်းဖို့ စီစဉ်ထားပါတယ်။ စမ်းသပ်ချက်ပြီးရင် လင်းနို့တွေကို ပြန်လွှတ်မယ်လို့ ဆိုပါတယ်။  ထိုင်းနိုင်ငံမှာ မြင်းခွာပုံ လင်းနို့အမျိုးအစား ၂၃ မျိုးရှိပြီး အရင်က သူတို့ကို မစမ်းသပ် မလေ့လာဖူးပါဘူး။  မနှစ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံကနေ ပေါ်ထွက်လာအပြီး လင်းနို့တွေဟာ ဗိုင်းရပ်စ်ရဲ့ ရင်းမြစ် ဟုတ်၊ မဟုတ် ဆိုတဲ့ကိစ္စကို ခုထိ စကားရည်လုနေရဆဲပါ။  ရနိုင်သမျှ သက်သေတွေ အားလုံးအရ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံထဲက လင်းနို့က စတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဧပြီလက ပြောပါတယ်။ ဒါပေမဲ့ မျိုးစိတ်မတူဘဲ ဗိုင်းရပ်စ်က လူကို ဘယ်လိုကူးလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ချူလာလောင်ကောင် ဆေးရုံနဲ့ ကဆာ့ဆတ်တက္ကသိုလ်တို့က သုတေသီတွေက ဇွန်လ ၁၁ ရက်ညနေမှာ ဂူထဲဝင်ခဲ့ကြပြီး ဇွန် ၁၂ ရက် မနက်မှာ လင်းနို့သွေး၊ သလိပ်၊ မစင် နမူနာတွေနဲ့အတူ ပြန်ထွက်လာခဲ့ကြပါတယ်။ သုတေသီအဖွဲ့ထဲမှာ ဇန်နဝါရီလက ထိုင်းနိုင်ငံရဲ့ ပထမဆုံး ကိုဗစ်-၁၉ ကူးစက်ခံလူနာကို ဖော်ထုတ်ခဲ့သူ ဆူပါပွန် ဝါချရာ ပလွေစာဒီလည်း ပါပါတယ်။ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံ ပြင်ပမှာ ဗိုင်းရပ်ကို မှတ်တမ်းတင်တဲ့ ပထမဆုံးနိုင်ငံပါ။ ခုချိန်ထိ ကူးစက်ခံအတည်ပြု လူနာ ၃၁၃၄ ယောက် ရှိပြီး ကူးစက်ခံ ၅၈ ယောက် သေဆုံးခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up