Home
မြန်မာသတင်း
ရန်ကုန်တွင် YBS စီးနင်းသူ ပိုများလာ၊ ၁ ရက်ကို လူဦးရေ ၈ သိန်းကျော်ရှိ
ပိုင်စိုး
·
June 14, 2020
ရန်ကုန်မှာ ပြေးဆွဲနေတဲ့ YBS စီးနင်းသူဦးရေဟာ ဇွန်လဆန်းပိုင်းနဲ့ယှဉ်ရင် အခု သိသိသာသာ ပိုများလာပြီး တရက်ကို လူဦးရေ ၈ သိန်းကျော် စီးနင်းနေပြီ ဖြစ်ပါတယ်။ ဒီလဆန်း ၁ ရက်နေ့က YBS ပြေးဆွဲလမ်းကြောင်း ၁၂၆ လိုင်းက ကားစီးရေ ၃,၃၇၇ စီးနဲ့ ခရီးသည် ၅၆၅,၄၂၇ ယောက်ကို ပို့ဆောင်ပေးခဲ့ပြီး ဇွန် ၁၃ ရက်မှာတော့ ပြေးဆွဲလမ်းကြောင်း ၁၂၆ လိုင်းက ကားစီးရေ ၃,၅၆၀ နဲ့ ခရီးသည် ၈၀၁,၆၆၁ ယောက်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က ထုတ်ပြန်ထားပါတယ်။ ဒီကာလထဲမှာ စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ လူနည်းသွားပေမယ့် တခြားရက်တွေမှာတော့ နေ့တိုင်းလိုလို စီးနင်းသူ တိုးလာနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့ကတော့ လူပေါင်း ၈၃၀,၀၀၀ ကျော်နဲ့ အများဆုံးစီးခဲ့ပါတယ်။ ဒီစာရင်းတွေဟာ ယာဉ်လိုင်းတွေက ပေးပို့လာတဲ့ မှတ်တမ်းတွေအရ ဖြစ်တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ ပြေးဆွဲတဲ့ ကားအစီးရေတူပြီး စီနင်းသူ သိသိသာသာ ကွာဟနေတာကိုလည်း တွေ့ရပြီး ရုံးတက် ရုံးဆင်းချိန်မှာတော့ အရင်လိုပဲ ကားတွေမှာ လူတွေ အပြည့်အကြပ်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ဦးလှအောင်က “ရောဂါကာကွယ်ရေးက ပိုအရေးကြီးတာကြောင့် ကားတွေမှာ လူပြည့်ကြပ်မနေအောင် ကျနော်တို့ စမ်းသပ်ပြေးဆွဲခဲ့တာ ရှိပါတယ်။ တစီးနဲ့တစီးကို အချိန်ကပ်လွှတ်ပြီး လူပြည့်နေရင် နောက်ကားကို စောင့်ခိုင်းတာပေါ့။ ဒါပေမဲ့ ခရီးသည်တွေက နောက်မှာလာမယ့် ၅ မိနစ်လောက်ကို မစောင့်ချင်ကြဘူးဗျ။ ဆိုတော့ နောက်ကလာတဲ့ ကားက လူမရတာတွေ များလာတော့ အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ယာဉ်လိုင်းတွေဟာ ကိုဗစ်-၁၉ မဖြစ်ခင်ကာလရဲ့ တဝက်လောက်ပဲ ဝင်ငွေရှိကြတယ်လို့လည်း သူက ပြောပါတယ်။ အခုပြေးဆွဲနေတဲ့ ယာဉ်လိုင်း အရေအတွက်နဲ့ ကားစီးရေဟာ နေ့စဉ် ခရီးသွားနေသူတွေ၊ ယာဉ်မောင်းတွေ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခြေအနေအရ ပြေးဆွဲနေတာလို့ YRTA က ထုတ်ပြန်ထားပါတယ်။ ရန်ကုန်မှာ ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်က ကားစင်းရေ ၄၄၀၀ နဲ့ ပြေးဆွဲနေတာ ဖြစ်ပြီး ကိုဗစ်-၁၉ မဖြစ်ခင်ကာလမှာတော့ တရက်ကို လူပေါင်း ၁၈ သိန်းလောက် စီးနင်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024