နောက်ခံလူ ဆိုအာရက်စ် အာဆင်နယ်အတွက် တပွဲမှကစားခွင့်မရဘဲ ထွက်ခွာရဖွယ်ရှိ

487
အာဆင်နယ်နောက်ခံလူ ဆီဒရစ် ဆိုအာရက်စ်ဟာ အသင်းအတွက် တပွဲမှ ကစားခွင့်မရဘဲ ထွက်ခွာရဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့က ဆောက်သမ်တန်အသင်းကနေ ကာလတိုစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆိုအာရက်စ်ဟာ ဇွန်လအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။
လက်ရှိအချိန်အထိ သက်တမ်းတိုးခြင်း မရှိသေးတာကြောင့် ဇွန်လအကုန်မှာ ထွက်ခွာရမယ့် အခြေအနေ ဖြစ်နေတာပါ။
ညာနောက်ခံလူ ဆိုအာရက်စ်ဟာ ဒဏ်ရာရခဲ့တဲ့ ဘယ်လာရင်ရဲ့နေရာမှာ အစားထိုးအသုံးပြုဖို့ ရည်ရွယ်ခေါ်ယူခဲ့တာဖြစ်ပေမယ့် သူကိုယ်တိုင်လည်း ဒဏ်ရာရနေလို့ ပွဲမကစားခဲ့ရတာပါ။
လက်ရှိအချိန်မှာ ဒဏ်ရာပြန်ကောင်းလာပေမယ့် လေ့ကျင့်ရေးကွင်းမှာ မျက်နှာကို ဘောလုံးနဲ့ထိမှန်ခဲ့ပြီး နှာခေါင်းနဲ့ မျက်လုံးမှာ ပွန်းပဲ့ဒဏ်ရာရခဲ့လို့ ချာတန်၊ ဘရန့်ဖို့ဒ်တို့နဲ့ ခြေစမ်းပွဲတွေမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။
ညာနောက်ခံလူ ဘယ်လာရင်လည်း ပြန်ကစားနေပြီဖြစ်လို့ ဆိုအာရက်စ်ကို အာဆင်နယ်အသင်းက ထွက်ခွာခွင့်ပေးဖို့ရှိနေပါတယ်။