Home
မြန်မာသတင်း
ခွေးဂေဟာဆောက်ရန် တင်ဒါရပြီး လုပ်ငန်းမဖြစ်၊ ငွေပြန်မသွင်းသည့် ကုမ္ပဏီကို အရေးယူမည်
နော်နိုရင်း
·
June 12, 2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ခွေးဂေဟာတည်ဆောက်ဖို့ ကျပ်သိန်း ၂၈၀၀ ကျော် တင်ဒါရရှိထားတဲ့ ကုမ္ပဏီက လုပ်ငန်းမဖြစ်မြောက်ဘဲ ငွေပြန်လည်ပေးသွင်းဖို့ ပျက်ကွက်တဲ့အတွက် ဥပဒေအရ အရေးယူဖို့ လုပ်နေတယ်လို့ ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ပြောပါတယ်။ ဇွန်လ ၁၁ ရက် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်စာရင်း စစ်ချုပ်ရဲ့ ၂၀၁၈ ခု ဧပြီလမှ စက်တင်ဘာလအထိ အစီရင်ခံစာပေါ် ကယားပြည်နယ်လွှတ်တော် ပြည်သူ့ ငွေစာရင်းစောင့်ကြည့်ရေးကော်မီတီက စိစစ်တွေ့ရှိချက် စီရင်ခံစာနဲ့ ပတ်သက်ပြီး ပြန်လည်ဆွေးနွေးရာမှာ ပြောသွားတာပါ။ ခွေးလေခွေးလွင့်တွေ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ကယားပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့  ခွေးဂေဟာတစ်ခုဆောက်လုပ်ဖို့  ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ ၂၀၁၈ ခု ပထမ ၆ လ ငွေလုံးငွေရင်းခွင့်ပြုချက်နဲ့  ကျပ်သိန်းပေါင်း ၂၈၀၀ ကျော် ကုန်ကျခံတည်ဆောက်ဖို့ စောဌေးမြင့် ကုမ္ပဏီက တင်ဒါရရှိခဲ့တာပါ။  ခွေးဂေဟာတည်ဆောက်ဖို့ ဒေသခံတွေက ကန့်ကွက်လို့ တည်ဆောက်နိုင်ခြင်းမရှိခဲ့လို့ ရရှိထားတဲ့ ရန်ပုံငွေကို အရစ်ကျ ပြန်လည်ပေးသွင်းဖို့  ၄ ကြိမ်တိုင်တိုင် သတိပေးစာပေးပို့ခဲ့ပေမယ့် ပေးသွင်းခြင်းမရှိတာကြောင့် အရေးယူနိုင်ဖို့ စီစဉ်ဆောင်ရွက်တာလို့ ဒေါက်တာ အောင်ကျော်ဌေးက ပြောပါတယ်။  “ငွေလုံးငွေရင်းခွင့်ပြုချက် ၂၈၇ ဒသမ ၁၄ သန်းနဲ့ ခွေးလေခွေးလွင့်ဂေဟာ ဆောက်လုပ်ခြင်း အတွက် စောဌေးမြင့်ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပေမဲ့လည်း ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် နှစ်ကြိမ်တိုင်တိုင်ပြောင်းရွေ့ခဲ့ရပြီးတော့ အဲဒီအစီရင်ခံစာပါ စစ်ဆေးဖော်ပြချက်အရ စောဌေးမြင့် ကုမ္ပဏီက နေပြီးတော့ ၅၁ ဒသမ ၄၃၄၉ ကျပ်သန်း ပြန်ပေးရမှာ ဖြစ်ပေမယ့်လည်း အခုချိန်အထိ ပေးသွင်းနိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိရပါတယ်။” ကုမ္ပဏီအနေနဲ့ လုပ်ငန်းဆောင်ရွက်ဖို့ သံထည်ပစ္စည်းတွေကို ကြိုတင်စနစ်နဲ့ မှာယူထားရခြင်း ဖြစ်ပြီး လုပ်ငန်းရပ်ဆိုင်းပြီးနောက် သံစက်ရုံသို့ အမှာစာ ဖျက်သိမ်းပေးဖို့နဲ့ ကြိုတင်ငွေ ပြန်လည်ထုတ် ယူပေးဖို့ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဖျက်သိမ်းခြင်းမပြုဘဲ သံထည်ပစ္စည်းတွေ ပေးပို့လာတဲ့အတွက် ကုမ္ပဏီက သံထည်ပစ္စည်းတွေ  ပိုလျှံနေပြီး  လုပ်ငန်းအာမခံငွေကိုလည်း ပြန်လည်ထုတ်ယူခွင့်မရတဲ့အတွက် အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။  သံထည်ပစ္စည်းတွေ  ပြန်လည်ရောင်းချပြီးတဲ့အထိ ငွေပေးသွင်းမှုကို ၆ လခန့် စောင့်ဆိုင်း ပေးဖို့အတွက် တင်ပြလာလို့ စောင့်ဆိုင်းခဲ့ပြီး အခုနှစ်မှာ စောင့်ဆိုင်းချိန် ၆ လ ပြည့်ခဲ့ကြောင်းလည်း ဒေါက်တာ အောင်ကျော်ဌေးက ရှင်းပါတယ်။ စောဌေးမြင့်ကုမ္ပဏီကအနေနဲ့ အမြန်ဆုံးလာရောက်ပေးသွင်းဖို့ ပျက်ကွက်ပါက တင်ဒါလုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူမှာဖြစ်ပြီး  တရားစွဲဆိုနိုင်ရေးအတွက် ဥပဒေအကြံပြုချက်ရယူ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024