ကိုဗစ်-၁၉ လူနာအမှတ် ၂၅၀ ဘင်္ဂလားဒေ့ရှ် ဇာတီမူရဒုက္ခသည်စခန်းမှ တရားမဝင်လာသူဖြစ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က ကိုဗစ်-၁၉ လူနာ အမှတ် ၂၅၀ ဟာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့ရှိ ဇာတီမူရဒုက္ခသည်စခန်းကနေ တရားမဝင် ပြန်လာသူ တစ်ဦး ဖြစ်ပါတယ်။ မနေ့ညက ကိုဗစ်-၁၉ လူနာသစ် ၁၁ ဦးစာရင်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာရာမှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က အသက် ၂၆ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်ပြန် အမျိုးသားတစ်ဦးပါဝင်လာတာဖြစ်ပါတယ်။ အဆိုပါလူနာနဲ့ ပတ်သက်ပြီး ဘူးသီးတောင် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက "သူက ဇာတိမူရဒုက္ခသည်စခန်းကနေ ဇွန်လ ၃ ရက်နေ့ စထွက်လာတယ်လို့သိရတယ်ဗျ။ တောင်ပြိုလက်ယာချောင်းကနေ အဖော် နှစ် ဦးနဲ့ မြန်မာဘက်ကို ခိုးကူးလာတယ်။ ရေတွင်းကျွန်းကျေးရွာမှာ တစ်ညအိပ်တယ်။ ၄ ရက်နေ့မှာ မင်္ဂလာကြီးကျေးရွာက သုံးဘီးငှားပြီး ဘူးသီးတောင်ကို ည ၆ နာရီလောက်မှာ ရောက်လာတာဖြစ်တယ်” လို့  ပြောပါတယ်။ လူနာအမှတ် ၂၅၀ ဟာ ၂၀၁၇ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားခဲ့ပြီး  တက္ကနပ်မြို့မှာရှိတဲ့ ဇာတီမူရဒုက္ခသည်စခန်းမှာ နေထိုင်နေခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက် သေဆုံးသူတွေ ရှိလာတဲ့အတွက် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ယာချောင်းလမ်းကနေ အဖော်နှစ်ဦးနဲ့ အတူ  ခိုးဝင်လာခဲ့တာပါ။ လူနာအမှတ် ၂၅၀ ဟာ ဘူးသီးတောင်မြို့နယ် ကျောက်လှပြင်ကျေးရွာရှိ သူနေအိမ်မှာ ၂ ည အိပ်ခဲ့ပြီးဇွန်လ ၆ ရက်မှာ ဘူးသီးတောင်မြို့ အမှတ်(၃)ကွက်၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ဗလီကြီးရှိ အာရဗီစာသင်ကျောင်းမှာ  ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ဝင်ရောက်လာတဲ့သူ ၇ ဦးနဲ့အတူ Facility Quarantine ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ ၇ ရက်မှာ သူတို့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ပတ်တွေကို ဓာတ်ခွဲစစ်ဆေးရာမှာ ဇွန်လ ၁၁ ရက်နေ့က သူတစ်ဦးတည်းမှာသာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိ လူနာအမှတ် ၂၅၀ ကို ဘူးသီးတောင် ပြည်သူ့ဆေးရုံမှာ အထူးကြပ်မတ်ကုသပေးနေပြီး လိုအပ်လာပါက မောင်တောခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်မယ်လို့ ဘူးသီးတောင်ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက ဒီဗွီဘီကို ပြောပါတယ်။ "အခုလက်ရှိမှာတော့ ကျန်းကျန်းမာမာပါ။ ဘူးသီးတောင်ဆေးရုံ နှစ်ထပ်ဆောင်မှာရှိတဲ့ သီးသန့်ကြပ်မတ်ဆောင်မှာ ဆေးကုသသွားမှာပါ။ လိုအပ်လာရင်တော့  မောင်တော ဆေးရုံကို လွှဲပြောင်းပေးသွာမှာဖြစ်တယ်" အဆိုပါလူနာမှာ မိသားစု ၄ ဦးရှိပြီး သူနဲ့ ထိတွေ့ခဲ့သူတွေ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာရှိနေပေမဲ့ စုံစမ်းဖော်ထုတ်မှု အားနည်းနေပါတယ်။ လူနာအမှတ် ၂၅၀ ဟာ မောင်တောခရိုင်အတွင်းမှာ ၅ ယောက်မြောက် ကိုဗစ်-၁၉ ပိုးတွေ့လူနာဖြစ်ပါတယ်။   သတင်း - လင်းလက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up