စီးပွားရေးကျဆင်းသဖြင့် လက်ဘနွန် မြို့ကြီးများတွင် ဆန္ဒပြ

1K
လက်ဘနွန်နိုင်ငံမှာ စီးပွားရေးကျဆင်းမှုနဲ့ နိုင်ငံသုံးလက်ဘနွန်ပေါင်ငွေ တန်ဖိုးကျဆင်းမှု တို့ကြောင့် မြို့တော်ဘေရွတ်နဲ့ အခြားမြို့ကြီးတွေမှာ ဇွန်လ ၁၁ ရက်က ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ လမ်းတွေကို မီးရှို့ထားတဲ့ ကားတာယာတွေ၊ အမှိုက်ပုံးတွေနဲ့ ပိတ်ဆို့ ဆန္ဒပြခဲ့ကြတာပါ။
လက်ဘနွန်ပေါင်ငွေဟာ ဒေါ်လာနဲ့ ယှဉ်ရင် ကြာသပတေးနေ့မှာ ငါးထောင်အထိကျဆင်းသွားပြီး ဒါဟာ အောက်တိုဘာလကတည်းကစလို့ ငွေတန်ဖိုး ၇၀ ရာခိုင်နှုန်းဆုံးရှုံးမှုလည်း ဖြစ်ပါတယ်။
နိုင်ငံဟာလည်း ဘဏ္ဍာရေးအကျပ်အတည်းရောက်နေလို့ ၁၉၇၅-၁၉၉၀ ပြည်တွင်းစစ် နောက်ပိုင်း တည်ငြိမ်မှုအပေါ် အကြီးဆုံးခြိမ်းခြောက်မှု ဖြစ်လာပါတယ်။
လက်ဘနွန်နိုင်ငံ မြောက်ပိုင်းက အကြီးဆုံးမြို့ဖြစ်တဲ့ ထရီပိုလီကနေ တောင်ပိုင်းမြို့ ဆီဒွန်အထိ ဆန္ဒပြသူတွေဟာ နိုင်ငံရေးခေါင်းဆောင်တွေကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ သီဆိုပြီး နိုင်ငံအနှံ့ အဓိက ကားလမ်းတွေမှာလည်း မီးတင်ရှို့ခဲ့ပါတယ်။
ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဗုံးနဲ့ ဖြိုခွင်းခဲ့ရသလို ဆန္ဒပြသူတွေကလည်း ကျောက်တုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။