Homeမြန်မာသတင်း
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၃ ဦးကို မအူပင်တရားရုံးက ထောင်ဒဏ် ၁ နှစ်စီ ထပ်မံချမှတ်
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၃ ဦးကို မအူပင်တရားရုံးက ထောင်ဒဏ် ၁ နှစ်စီ ထပ်မံချမှတ်
DVB
·
June 12, 2020
တပ်မတော်က အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၃ ဦးကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၁ နှစ်စီ ထပ်မံ ချမှတ်လိုက်ပါတယ်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေတို တို့ကို မအူပင်တရားရုံးမှာ ဇွန်လ ၁၁ ရက်က စတင်ရုံးထုတ်ခဲ့ပြီး ဒီကနေ့မှာ ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ ကိုဇေယျာလွင်က ရုံးထုတ်အပြီး ပြောပါတယ်။
"တရားရုံးတွေ တပ်နဲ့ပတ်သက်လာရင် နိုင်ငံတော်ကိုလည်း ကိုယ်စားမပြုဘူး။ ပြည်သူကို လည်း ကိုယ်စားမပြုဘူး။ အမြဲတမ်းတရားမျှတမှုကိုရှာဖွေပေးတဲ့ နေရာလည်းမဟုတ်ပါဘူး။"လို့ ထောင်ဒဏ်ချမှတ်ခံရသူ ကိုဇေယျာလွင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကလည်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၃ ဦးကို ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တရားရုံးက အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့ပါတယ်။
ဒါ့အပြင် ဒေးဒရဲမြို့နယ်မှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားပြီး ဇွန်လ ၁၂ ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခံရဖို့ရှိပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ပုသိမ်မြို့မှာလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ထားခံရပြီး အမှုကို မအူပင်တရားရုံးကို ပြန်လွှဲပြောင်းထားကာ ဇွန်လအတွင်းရုံးထုတ် စစ်ဆေးဖို့ရှိပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ သံချပ်တွေလှည့်လည်ဖျော်ဖြေခဲ့တာနဲ့ပတ်သက်ပြီး တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် ဆက်သွယ်ရေးဥပဒေတွေနဲ့ တရားစွဲထား တာပါ။ ပြစ်မှုတစ်ခုတည်းကို မတူညီတဲ့ တရားရုံးတွေမှာ အကြိမ်ကြိမ် အခါအခါပြစ်ဒဏ်တွေ ချမှတ်နေတာလည်းဖြစ်ပါတယ်။
သတင်း-မင်းထက်မုန်း (ပုသိမ်)