ကချင်ပြည်နယ်က ကိုဗစ်-၁၉ လူနာ ကျန်းမာရေးဝန်ထမ်းနှင့်ထိတွေ့ခဲ့သူ ၁၀၀ ကျော်သာရှိ
ညီငယ်
·
June 12, 2020
ကချင်ပြည်နယ်၊ မိုးမောက်မြိုနယ်က ကိုဗစ်-၁၉ အတည်ပြုလူနာ ကျန်းမာရေးဝန်ထမ်း သားဖွားဆရာမနဲ့ ထိတွေ့ခဲ့သူအရေအတွက်ဟာ ၁၀,၀၀၀ ကျော်မဟုတ်ဘဲ ၁၀၀ ကျော်ပဲရှိတယ်လို့ ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။
“တစ်သောင်းကျော်ဆိုတာ မဖြစ်နိုင်ဘူးလေ။ တရုတ်ပြန်တွေ quarantine ထား၊ ဓာတ်ခွဲနမူနာယူစစ်ပြီး ပြန်သွားကြတာဘာမှမကြာသေးဘူး။ အဲတော့ တစ်သောင်းကျော်ဆိုတာ အဓိပ္ပါယ်မရှိဘူးလေ။ လွယ်ဂျယ်မှာတောင် လူအယောက် တစ်သောင်းကျော်မရှိဘူးလေ။"လို့ ဦးအောင်သိန်းက ပြောပါတယ်။
လတ်တလောမှာ သားဖွားဆရာမနဲ့ ထိတွေ့ခဲ့သူ ၁၀၀ ကျော်ကို လိုက်လံခေါ်ဆောင်နေပြီး သူတို့ကို အသွားအလာ ကန့်သတ်စောင့်ကြည့်တာတွေလုပ်ပြီး ရောဂါပိုး/မရှိ စစ်ဆေးမယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
ကျန်မာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၁၁ ရက် မနက်ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ လူနာနံပါတ် ၂၄၉ ဟာ တရုတ်−မြန်မာနယ်စပ် လွယ်ဂျယ်ဂိတ်မှာ ပြည်ပကနေ ဝင်ရောက်လာသူ တွေကို ကျန်းမာရေးစစ်ဆေးပေးတဲ့ သားဖွားဆရာမ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။
သူအပါအဝင်လွယ်ဂျယ်ဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၂၆ ဦးကို စစ်ဆေးရာမှာ သူတစ်ဦးတည်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရောဂါလက္ခဏာမပြဘဲ ပိုးတွေ့ခဲ့တဲ့ သားဖွားဆရာမအနေနဲ့ တရုတ်နိုင်ငံက ပြန်လာသူတွေထံက ရောဂါကူးတာမဖြစ်နိုင်ကြောင်းနဲ့ သူ့ရဲ့အမျိုးသားက မြန်မာပြည် အောက်ပိုင်းကို ခရီးသွားရာဇဝင်ရှိခဲ့ပြီး ဒီအတောအတွင်း ဇနီးဖြစ်သူနဲ့ သုံးရက်တာ တွေ့ဆုံခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းကပြောပါတယ်။
အခုနောက်ပိုင်း ဘယ်ကကူးမှန်းမသိတဲ့ ပိုးတွေ့လူနာတချို့တွေ့ရှိထားတာကြောင့် ပြည်သူတွေအနေနဲ့ မပေါ့ဆသင့်ဘဲ ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို တိတိကျကျလိုက်နာဖို့လိုကြောင်း ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသူဇာချစ်တင်က ပြောထားပါတယ်။
ဓာတ်ပုံ-ဗန်းမော်ပွင့်သစ်