Homeမြန်မာသတင်း
ကယားပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့တို့ အပစ်ရပ်သဘောတူညီမှုရထား
ကယားပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့တို့ အပစ်ရပ်သဘောတူညီမှုရထား
နော်နိုရင်း
·
June 11, 2020
ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဆောင်ရွက်ချက်အနေနဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ ကယားပြည်နယ်အစိုးက ပြည်နယ်လွှတ်တော်မှာ အစီရင်ခံ တင်ပြလိုက်ပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဦးခင်မောင်ဖြူက ပြည်နယ် အစိုးရရဲ့ ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဇွန်လ ၁၀ ရက် ကယားပြည်နယ် လွှတ်တော်မှာ အကျဉ်းချုပ်ဖတ်ပြသွားတာပါ။
၂၀၁၉ ခုနှစ်အတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ဆောင်ခဲ့ပြီး ပြည်နယ်အစိုးရနဲ့ လစဉ် တွေ့ဆုံမှု အနေနဲ့ ၂ ကြိမ် တွေ့ဆုံနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။
ကယားပြည်နယ်အတွင်းမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) ဒေသအခေါ်အဝေါ် (ကယောနီ)၊ ကရင်နီ အမျိုးသား ဒီမိုကရက်တစ်ပါတီ (နဂါး) (KNDP)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ KNSO၊ ကယန်းပြည်သစ်ပါတီ (KNLP)နဲ့ ကယန်းအမျိုးသားစောင့်တပ်ဖွဲ့ (KNG) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိပါတယ်။
အဲဒီထဲမှာ ကေအန်ပီပီကလွဲပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ အစိုးနဲ့ အပစ်ခတ်ရပ်စဲယူပြီးနောက် ပြည်သူ့စစ်အနေနဲ့ သော်လည်းကောင်း နယ်ခြားစောင့်တပ်အနေနဲ့ သော်လည်းကောင်း အသွင်ပြောင်းထားပါတယ်။