သီရိလင်္ကာလွှတ်တော်ရွေးကောက်ပွဲ သြဂုတ် ၅ ရက် ကျင်းပမည်

သီရိလင်္ကာလွှတ်တော်ရွေးကောက်ပွဲကို သြဂုတ် ၅ ရက် ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၁၀ ရက်မှာ သတ်မှတ်ပေးလိုက်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ရွေးကောက်ပွဲကျင်းပမယ့်နေ့ကို အစောပိုင်းက ရွှေ့ဆိုင်းအပြီး ခုလို သတ်မှတ်တာလည်း ဖြစ်ပါတယ်။  ကနဦး သတ်မှတ်ရက်က ဧပြီလ ၂၆ ရက် ဖြစ်ပေမယ့် ဇွန် ၂၀ ရက်ကို ရွှေ့ဆိုင်းခဲ့ပြီးနောက် ခုတော့ သြဂုတ် ၅ ရက်ကို ထပ်မံရွှေ့ဆိုင်း သတ်မှတ်ခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကို မထိန်းချုပ်နိုင်ခင်မှာ ရွေးကောက်ပွဲတွေကို မကျင်းပဖို့ ဒါဇင်ဝက်ကျော်တဲ့ အသနားခံလွှာတွေကို တရားရုံးချုပ်က ပယ်ချပြီးစီးချိန်ကို ရွေးကောက်ပွဲ ကော်မရှင်က စောင့်နေခဲ့တာလည်း ဖြစ်ပါတယ်။ လူချင်းခွာ နေရမယ့် မူဝါဒတွေ၊ တခါသုံး ဘောလ်ပင်တွေနဲ့ ကာကွယ်ရေး ပစ္စည်းတွေ အပါအဝင် လုပ်ဆောင်ချက်တွေကို သုံးပြီး မဲပေးမယ့် အစီအစဉ်ကို ရွေးကောက်ပွဲ အရာရှိတွေက ဇွန်လ ၇ ရက်မှာ စမ်းသပ်ခဲ့ကြပါတယ်။ မဲရုံအဖြစ် သုံးမယ့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှာ အစမ်း မဲပေးပွဲကို စမ်းသပ်ခဲ့တာပါ။  ခုလို ကြိုတင်ကာကွယ်မှုတွေကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့် ကုန်ကျစရိတ်ဟာ ၅၀ ရာခိုင်နှုန်း ပိုမြင့်သွားလိမ့်မယ်လို့ ကော်မရှင်က ပြောပါတယ်။ အစိုးရကတော့ ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်ချက် အများစုကို ဖယ်ရှား ပေးခဲ့ပြီးပါပြီ။  သီရိလင်္ကာနိုင်ငံမှာ ဇွန် ၁၀ ရက်ထိ အတည်ပြုချက်အရ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၈၅၉ ယောက် ရှိပြီး ကူးစက်ခံ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up