ဒီဂျောင်ဟာ မက်ဆီခေတ်လွန် ဘာစီလိုနာအသင်းကို ဦးဆောင်မယ့်သူပါ – ရှနိုက်ဒါ

589
လီယွန်နယ်မက်ဆီခေတ်လွန် ဘာစီလိုနာအသင်းကို ဦးဆောင်မယ့်သူဟာ ဖရန်ကီ ဒီဂျောင်ဖြစ်တယ်လို့ နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ဝက်စလေ ရှနိုက်ဒါက သုံးသပ်ပါတယ်။
နယ်သာလန် လက်ရွေးစင်ကွင်းလယ်ကစားသမား ဒီဂျောင်ဟာ အေဂျက်ဇ်အသင်းမှာ အထူးခြေစွမ်းပြခဲ့သူတဦးဖြစ်ပြီး သူ့ကို ဘာစီလိုနာအသင်းက ၂၀၁၉ နွေရာသီဈေးကွက်မှာ မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။
ဒီဂျောင်ဟာ ဘာစီလိုနာအသင်းမှာ အေဂျက်ဇ်အသင်းနဲ့အတူ ပြသခဲ့တဲ့ ခြေစွမ်းမျိုးပြန်လည်ရရှိဖို့ ရုန်းကန်နေရတာကြောင့် သူ့ရဲ့ခြေစွမ်းအပေါ် မေးခွန်းထုတ်ဝေဖန်မှုတွေရှိနေပေမယ့် ရှနိုက်ဒါကတော့ မက်ဆီ ခေတ်လွန်ဘာစီလိုနာအသင်းကို ဦးဆောင်မယ့်သူဟာ ဒီဂျောင်ဖြစ်တယ်လို့ အခိုင်အမာပြောပါတယ်။
ဒီဂျောင်ဟာ မက်ဆီနဲ့စာရင် ကွင်းလယ်လူဟောင်းတွေဖြစ်တဲ့ ဇာဗီ၊ အင်ဒီယေစတာ စတဲ့ ကစားသမားတွေနဲ့ ကစားပေါက်ဆင်တူသူဖြစ်ပေမယ့် သူဟာ အသင်းအတွက် တာဝန်အများအပြားကို ဆောင်ရွက်နိုင်သူဖြစ်တယ်လို့ ရှနိုက်ဒါက ပြောပါတယ်။
Daily Mail သတင်းဌာနနဲ့တွေ့ဆုံစဉ်မှာ ရှနိုက်ဒါက “ဟော်လန်အသင်းနဲ့ ဘာစီလိုနာအသင်းဟာ ခန်းနားတဲ့အသင်းတွေဖြစ်ပါတယ်။ ဒီဂျောင်ဟာ မှန်ကန်တဲ့အသင်းကို ရွေးချယ်ခဲ့သူဖြစ်ပြီးတော့ သူ့ဘောလုံးစွမ်းရည်ဟာ စပိန်ဘောလုံးလောကက ဘာစီလိုနာအသင်း နဲ့ ကိုက်ညီမှုရှိတယ်ဆိုတာကို သဘောပေါက်ထားသူ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တာဟာ သူ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုဖြစ်ပြီး ဒီအသင်းဟာ သူနဲ့ အမှန်တကယ်လိုက်ဖက်မှုရှိပါတယ်။ ဘာစီလိုနာမှာ မက်ဆီရဲ့အချိန်ကုန်ဆုံးသွားချိန်မှာ သူဟာ အသင်းအပေါ် ခေါင်းဆောင်တဦးထက်ကိုပိုပြီး ဦးဆောင်မှုပေးနိုင်တဲ့သူဖြစ်ပါတယ်” လို့ တနိုင်ငံ တည်းသားဖြစ်သူကို ချီးကျူးခဲ့ပါတယ်။
လက်ရှိအချိန်အထိ ဘာစီလိုနာအသင်းဟာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်မယ့် ပါရမီရှင်ကစားသမားမျိုးကို ဈေးကွက်ထဲမှာ ရှာဖွေနေဆဲဖြစ်ပြီး သူတို့ရဲ့ပစ်မှတ်ထဲမှာ အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး လူတာရို မာတီနက်ဇ်ဟာ ထိပ်ဆုံးက ပါဝင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။