ပေါ့ဘာနှင့် ဖာနန်ဒက်စ်တို့အတွက် ဆိုးလ်ရှား၏ ကွင်းလယ်ကစားကွက်အသစ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားကွက်မှာ ပေါ့ဘာကို နံပါတ် ၁၀ နေရာက ကစားစေကာ ကစားသမားသစ် ဖာနန်ဒက်စ်ကို နံပါတ် ၈ နေရာပေးဖို့ ဆိုးလ်ရှား ကအစီစဉ်ဆွဲနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။  ပေါ်တူဂီလက်ရွေးစင် ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူ နိုက်တက်အသင်းကို ပေါင် ၆၇ ဒသမ ၇ သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ သူရောက်ရှိလာချိန်မှာ အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဒဏ်ရာနဲ့အနားယူနေခဲ့တာကြောင့် သူတို့နှစ်ဦးဟာ တကယ့်ပြိုင်ပွဲကြီးတွေမှာ အတူတကွ တွဲဖက်မကစားဖူးသေးပါဘူး။  ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားထားစဉ်ကာလအတွင်း ပေါ့ဘာဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာ ယူနိုက်တက်အသင်း ကွင်းလယ်လူစာရင်းမှာ သူတို့နှစ်ဦးကို ပထဆုံးအကြိမ်ပြန်လည်မြင်တွေ့ရဖို့ရှိနေပြီဖြစ်ပါတယ်။  သူတို့နှစ်ဦးဟာ ပြိုင်ပွဲကြီးတွေမှာ အတူတကွတွဲဖက်မကစားဖူးသေပေမယ့် ပြီးခဲ့တဲ့လကနေ ပြန်လည်စတင်ခဲ့တဲ့ လေ့ကျင့်ရေးအစီစဉ်တွေမှာ တွေ့ဆုံရင်းနှီးခွင့်ရရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။  The Sun သတင်းမှာ ဖော်ပြချက်အရ စနေနေ့မှာလုပ်ခဲ့တဲ့ လေ့ကျင့်ရေးပွဲစဉ်မှာ ပေါ့ဘာဟာ တိုက်စစ်မှူးရဲ့နောက်မှာကစားရတဲ့ နံပါတ် ၁၀ နေရာကနေ ပါဝင်ကစားခဲ့တယ်လို့ သိရပါတယ်။  ဒီနေရာမှာ ပေါ့ဘာဟာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဘောလုံးပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာလည်း ပြင်သစ်လက်ရွေးစင်ကို နေရာသစ်မှာ မြင်တွေ့ရဖို့ရှိနေတယ်လို့ အသင်းမှာရှိတဲ့လူတွေက ယုံကြည်နေကြောင်း ဒီသတင်းမှာဖော်ပြထားပါတယ်။  ဒါ့ကြောင့် ဖာနန်ဒက်စ်ဟာ နံပါတ် ၈ နေရာကို တာဝန်ယူရမှာဖြစ်ပြီး ကွင်းလယ်အဖြတ်နေရာကိုတော့ မက်တွန်မီနေးကို ပေးအပ်သွားဖို့ရှိနေပါတယ်။  ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းနဲ့ ချက်ခြင်းခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီးတော့ အသင်းသစ်အတွက် ကိုးပွဲကစားပြီးချိန်မှာ သုံးဂိုးသွင်းပြီး လေးဂိုးအထိ ဖန်တီးပေး ထားသူဖြစ်ပါတယ်။  ဒါ့အပြင် သူဟာ အသင်းဟောင်း စပို့တင်းမှာကတည်းက ကွင်းလယ်နေရာစုံမှာ ကစား နိုင်ကြောင်း ပြသခဲ့သူဖြစ်တာကြောင့် ဆိုးလ်ရှားအနေနဲ့ ကွင်းလယ်ခံစစ်ပိုင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့  ပေါ့ဘာကို တိုက်စစ်မှာ ပိုမိုလိုက်ပါခွင့်ပေးဖို့ စီစဉ်ထားပုံရပါတယ်။  ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ပရီးမီးလိဂ်ပြန်လည်စတင်ချိန် အဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၉ ရက်မှာ နည်းပြဟောင်း မော်ရင်ဟိုရဲ့ စပါးအသင်း နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up