၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၃၇ သန်းကျော်အတွက် မဲရုံ ၄၀,၀၀၀ ကျော်ဖွင့်လှစ်မည်
DVB
·
June 11, 2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတဝန်းမဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်ပေါင်း ၃၇ သန်းကျော်ရှိပြီး ဒီအတွက် မဲရုံပေါင်း ၄၀၀၀၀ ကျော်ဖွင့်လှစ်ဖို့ လျာထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ဇွန်လ ၁၀ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းနဲ့အညီ ကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့တာပါ။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဟာ ကိုဗစ်-၁၉ ကာလနဲ့ တိုက်ဆိုင်နေတဲ့အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ မဲဆန္ဒရှင်တွေ မဲစာရင်း လာရောက်ကြည့်ရှုရာမှာ လူစုလူဝေးဖြစ်နိုင်တဲ့ အတွက် အွန်လိုင်းမှ မဲစာရင်းကြည့်ရှုနိုင်ဖို့ Mobile Application ကို စီစဉ်ဆောင်ရွက်နေ တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် မဲဆွယ်စည်းရုံးရေးကာလနဲ့ မဲပေးတဲ့နေ့တွေမှာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ဖို့၊ ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်ပြည်သူတွေ မဲရုံမှာ မဲစာရင်းကြည့်တဲ့အချိန်နဲ့ မဲပေးတဲ့အချိန်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်နဲ့အညီဆောင်ရွက်ဖို့ သရုပ်ပြ မဲရုံတွေ ပြသဆောင်ရွက် သွားမယ်လို့လည်းဆိုပါတယ်။
မနေ့က အစည်းအဝေးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ၊ ကော်မရှင်ရုံး တာဝန်ရှိသူတွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ International Foundation for Electoral Systems (IFES) အဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလမှာ ကျင်းပခဲ့သလို အခု တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကိုလည်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။
ဓာတ်ပုံ-MOI